CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံတွင် ကျင်းပနေသော ရွေးကောက်ပွဲသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် ရွေးကောက်ပွဲဖြစ်နေသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃) ခွဲ၍ ကျင်းပနေရာ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကလည်းကောင်း၊ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်ကလည်းကောင်း ကျင်းပ ထားပြီးဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁-၂) ကျင်းပခဲ့ရာတွင် ကြိုတင်မဲဖြင့် USDP အနိုင်ရရှိအောင် သက်ဆိုင်ရာက ဆောင်ရွက်ခဲ့မှုများ ရှိကြောင်းနှင့် USDP ကို မထောက်ခံသော မဲဆန္ဒရှင်များ မဲထည့်ခွင့်မရအောင်လည်း မဲစာရင်းများ ရှုပ်ထွေးအောင် လုပ်ဆောင်ထားကြောင်း နိုင်ငံရေးပါတီတချို့နှင့် နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြနေကြသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၂)ကို မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဖြစ် ကြောင်း၊ ထိုကျင်းပမည့် မြို့နယ် ၁၀၀ ထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦးတို့ ပါဝင်ကြောင်း UEC က ထုတ်ပြန်ခဲ့ သည်။
သို့သော် ရွေးကောက်ပွဲအပိုင်း(၂)တွင် အနိုင်ရရှိသော ကိုယ်စားလှယ်လောင်းများ စာရင်ကို UEC က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ရာမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရွေးကောက်ပွဲ မကျင်းပခဲ့သလို ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်စာရင်းထဲ မပါသော ဗန်းမောက်၊ ကောလင်း၊ ထီးချိုင့်၊ ကလေး၊ အင်းတော်၊ ပင် လည်ဘူး စသည့် မြို့နယ်များကနေ USDP နှင့် တစညပါတီ အနိုင်ရသည်ဟုဆိုသော အနိုင်ရစာရင်းများ ပါလာခဲ့ သည်။

ရွေးကောက်ပွဲအပိုင်း-၂ ကျင်းပမည့် စစ်ကိုင်းတိုင်းထဲက မြို့နယ် စာရင်းကို တွေ့ရစဉ်
ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များ စာရင်းတွင် မပါသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်း တင်ထားပါက အနိုင်ရနေမှုများ ရှိနေကြောင်း၊ ဗန်းမော်၊ မိုးမောက်၊ မန်စီကို ရွေးကောက်ပွဲ မည်သို့ ကျင်းပမလဲ မေးခဲ့သော်လည်း ကော်မရှင်ဥက္ကဋ္ဌက ၎င်းတို့ စီစဥ်တာ မဟုတ်ကြောင်း၊ ဝန်ကြီးချုပ်၏ တင်ပြချက်ပေါ် မူတည်ပြီး လုပ်ရခြင်းဖြစ်ကြောင်း ပြန်ပြောလာသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ အဲ့ဒီဒေသတွေကတော့ ကြားရသလောက်ဆိုရင်တော့ ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး ဖြစ်နေတာပေါ့။ အဲ့ဒါ လည်း သူတို့ပြည်ခိုင်ဖြိုးက နိုင်သွားတယ်ဆိုတဲ့ ဥစ္စာကလည်း၊ အဲ့ဒီဒေသ ဘာနဲ့ အလားသဏ္ဍာန်တူလဲဆို ပါဝင် ယှဥ်ပြိုင်ကြတဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်ခရိုင်ထဲမှာပါတဲ့၊ ဗန်းမော်၊ မိုးမောက်၊ မန်စီရဲ့ ရွှေကူရယ်၊ အဲ့ဒီ အခါ ကြတော့ သူတို့ ဒီရွေးကောက်ပွဲ မလုပ်ဖြစ်ပေမယ့်လည်း သူတို့က လွှတ်တော်ကိုယ်စားလှယ်လောင်း တင်ထား တယ်ဆိုတဲ့ အခါကြတော့ သူတို့တစ်ပါတီထဲ တင်ထားတဲ့ ရွှေကူလို ပြည်နယ်လွှတ်တော်မျိုး သူတို့ရသွားတယ်။ နောက် မန်စီ ပြည်သူ့လွှတ်တော်မျိုး သူတို့ရသွားတာပေါ့။ ဟို ဆုံးရှုံးမခံချင်လို့ ရွေးကောက်ပွဲကို လုပ်ဖြစ်တယ်လို့ သူတို့လုပ်တာလားလို့ မပြောတက်တော့ဘူး။ ဒါကတော့ ရွေးကောက်ပွဲရဲ့ အခြေအနေကတော့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုပေါ်မှာလည်း မူတည်တယ်ပေါ့။ ဗန်းမော်၊ မိုးမောက်၊ မန်စီကို ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲဆိုတာ ဇန်နဝါရီလ ၅ ရက်နေ့ အစည်းအဝေးတုန်းက မေးခဲ့ပါတယ်။ အဲ့ကိစ္စကတဲ့ ကော်မရှင်ဥက္ကဋ္ဌ ဖြေကြားတဲ့ပုံစံပေါ့ နော်၊ အဲ့ကိစ္စကတဲ့ ကျနော်စီစဥ်တာ မဟုတ်ဘူး။ ဝန်ကြီးချုပ်ရဲ့ တင်ပြချက်ပေါ် မူတည်ပြီး ကျနော်တို့က လုပ်ရ တာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောပါတယ်”ဟု ပြောသည်။
ဗန်းမော်၊ ၊ မိုးမောက် စသည့် ဒေသများသည် KIA ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲ လုပ်နိုင်သည့်နေရာ တစ်ခုမှ မရှိကြောင်း၊ မြန်မာပြည်၏ ရွေးကောက်ပွဲ တော်တော်များများသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် ရွေးကောက်ပွဲလို ဖြစ်နေကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲအပိုင်း-၂ အနိုင်ရစာရင်းမှာ ရွေးကောက်ပွဲမလုပ်ဘဲ အနိုင်ရတဲ့ မြို့နယ်စာရင်းကို တွေ့ရစဉ်
၎င်းက “အမှန်တကယ်ကျတော့ မိုးမောက်ရော၊ ဗန်းမော်ရော၊ မန်စီရောက KIA ထိန်းချုပ်ထားတာ။ သူတို့ ရွေး ကောက်ပွဲ လုပ်နိုင်တဲ့နေရာ တစ်ခုမှ မရှိဘူးလို့ ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့်လည်း အဲ့ဒီထဲက ကိုယ်စား လှယ်လောင်းတွေကတော့ တင်ထားပြီးကြပြီ၊ ကျနော်တို့ အပါအဝင်ပေါ့။ ကိုယ်စားလှယ် တင်ထားတယ်။ ပြည်ခိုင်ဖြိုးကတော့ မန်စီမြို့နယ်မှာတော့ သူက ပြည်သူ့လွှတ်တော်မှာ ပြိုင်ဘက် မရှိရထားတဲ့ အခါကြတော့ အဲ့ဒါ တွေကို သူတို့ အသိအမှတ်ပြုချင်လို့ ဒီရွေးကောက်ပွဲကို ဖြစ်တယ်လို့ လုပ်တာလားတော့ မပြောတက်တော့ဘူး။ ကျနော်လည်း ဒီကိစ္စကို သူတို့ကို ထဲထဲဝင်ဝင် မေးတော့လည်း သူတို့ ကောင်းကောင်း မဖြေဆိုတော့။ သူတို့က တိတိကျကျ မဖြေဘူး ဝန်ကြီးချုပ်ကိုပဲလွှဲတာ။ ဝန်ကြီးချုပ်ရဲ့ တင်ပြချက်ပေါ် မူတည်ပြီးမှ ရွေးကောက်ပွဲ ကျင်းပ ခြင်း မကျင်းပခြင်းကို လုပ်ရပါတယ်ဆိုပြီးမှ ပြောတဲ့အခါကျတော့၊ ဝန်ကြီးချုပ်က ဘာအချက်တွေကို တင်ပြတာ လဲဆိုတာလည်း ပြောရခက်တာပေါ့နော်။ အဲ့ဒီအပေါ် နိုင်ငံရေးအရ အခွင့်ရေး တစ်ရပ်ယူပြီးမှ လုပ်သွားမယ်ဆိုရင် လည်း ဒါသူတို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ သံသရာ အကျိုး သက်ရောက်မှုတော့ ရှိလာမှာပေါ့။ တစ်နေ့နေ့ ကျရင် တော့။ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲတွေ တော်တော်များများကလည်း ကျနော်တို့ အင်အားကြီးတဲ့သူက အင်အား နည်းတဲ့ သူကို အနိုင်ကျင့်တဲ့ ရွေးကောက်ပွဲလို ဖြစ်နေကြတယ်။ ကျနော်တို့ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်ငံ ရေးလမ်းနဲ့ ဖြေရှင်းရင်တော့ လူထု သက်သာမယ်ဆိုပြီးတော့ ဒီရွေးကောက်ပွဲကို ပါဝင်ယှဥ်ပြိုင် ကြတာဖြစ်တယ်” ဟု ပြောသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်မှာ ဆက်လက် ကျင်းပမည်ဖြစ်သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရ ရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် USDP ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အများဆုံး အနိုင်ရထားပြီး တစညပါတီက ဒုတိယ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ နာဂအမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီတို့က တတိယ အများဆုံး အနိုင်ရထားကြသည်။
