CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် ရှမ်းနီပါတီ နှစ်ပါတီဖြစ်သည့် ကျားမင်းပါတီ(SSP)နှင့် ကျားနီပါတီ(TNDP)တို့ ပူးပေါင်း၍ ရှမ်းနီလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုကို မြှင့်တင်သွားမည်ဟု သက်ဆိုင်ရာပါတီ ခေါင်းဆောင်များက CNI သတင်းဌာနက ပြောသည်။
ရှမ်းနီ ပြည်သူလူထုများနှင့် ပတ်သက်၍ ဦးစားပေး ဖော်ဆောင်ရမည့် ကိစ္စရပ်သည် ရှမ်းနီလူမျိုးချင်းတူ သော်လည်း နေရာဒေသပေါ် မူတည်၍ ကွဲလွဲနေသည့် စာပေယဥ်ကျေးမှုကို တစ်သမတ်တည်း ဖြစ်သွား ရန်အတွက် မိမိတို့ ရှမ်းနီပါတီ(၂) ပါတီ ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်သွားမည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကျနော်တို့ ရှမ်းနီနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ၂၀၁၅ တုန်းက မျှော်မှန်းခဲ့တဲ့ ဆန္ဒလေး တစ် ရပ်ကိုတော့ အကောင်အထည်ဖော်မယ်။ တိုင်းရင်းသားရေးရာကလည်း ကျနော်တို့ပါတီက ရှမ်းတိုင်းရင်း သား ရေးရာဝန်ကြီး ဖြစ်ပြီပေါ့နော်။ နောက် စစ်ကိုင်းတိုင်းမှာဆိုရင်လည်း ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီက တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်တယ်။ အဲဒီဝန်ကြီးတွေ ညှိနှိုင်းပါမယ်။ ကျနော်တို့ ညှိနှိုင်းပြီးမှ ရှမ်းနီတွေက စစ်ကိုင်းတိုင်းမှာ စာတစ်မျိုး၊ ကချင်ပြည်နယ်မှာ စာတစ်မျိူး မဖြစ်ရလေ အောင် လူမျိုးလည်းတူရင် စာလည်းတူရမှာပဲ။ ယဉ်ကျေးမှုလည်းတူတယ်၊ အကုန်လုံးတူတယ်ဆိုရင် စာကွဲလို့တော့ မရဘူး။ အဲဒီစာကို တူအောင်တော့ ကျနော်တို့ ပထမဦးဆုံး အနေနဲ့ ကြိုးစားမယ်။ အဲဒါ ဟိုအတိတ်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လည်သုံးသပ်ပြီးမှ ဒီအနာဂတ် ကောင်းဖို့အတွက်ကို ပစ္စုပ္ပန် ပေါ့ အကောင်းဆုံး တည်ဆောက်ပါမယ်။ ဒါကြောင့်မို့လို့ အခု ဘာတွေ အဟန့်အတား ဖြစ်နေလဲ။ ဘယ် လို လုပ်မလဲဆိုတာ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အားလုံးက win win နဲ့ပဲ သွားနိုင်အောင် ကြိုးစားဆောင်ရွက် သွားပါမယ်” ဟု ပြောသည်။

ရှမ်းနီ တိုင်းရင်းသားများကို တွေ့ရစဉ်
လူမျိုးချင်းတူလျှင် စာပေလည်း တစ်မျိုးတည်းသာ ဖြစ်သင့်ကြောင်း၊ မိမိတို့ ကျားမင်းပါတီ(SSP)နှင့် ကျားနီပါတီ(TNDP) နှစ်ပါတီပူးပေါင်း၍ ရှမ်းမျိုးနွယ်စုနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲ ဆောင်ရွက်သွားမည်ဟု ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှဥက္ကဋ္ဌ စိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှမ်းနီလူမျိုး ဖြစ်တဲ့အတွက် စာလည်းတစ်မျိုးတည်း ဖြစ်သင့်တာပေါ့။ လူမျိုးက တစ်မျိုးတည်း ကို။ အဲဒီတော့ ကိုယ့်နေရာ သူ့နေရာ ကနေပြီးတော့ ကိုယ့်စာ သူ့စာဆိုပြီး စွဲနေတဲ့ အစွဲလေးတွေ ဖျောက် ပြီးတော့ လူမျိုးတစ်မျိုးတည်းရဲ့ စာကို တစ်သတ်မတ်တည်း ရှိသင့်ပါတယ်။ အဲဒါကိုလည်း ဖော်ဆောင် သွားမှာပါ။ ကျားနီပါတီနဲ့ ကျားမင်းပါတီက နဂိုကတည်းက ကျနော်တို့က ကွဲသွားတာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ရွေးကောက်ပွဲရဲ့ အဖြေအရ ကချင်ပြည်နယ်မှာလည်းပဲ ကချင်ပြည်နယ်ကို ကိုယ်စား ပြုပြီးတော့ ပြိုင်နေတဲ့ ကျားနီပါတီက ရှမ်းရေးရာဝန်ကြီး နေရာကို ရရှိတယ်။ တန်းတူပဲ စစ်ကိုင်းတိုင်း မှာလည်းပဲ ရှမ်းနီ ကျားမင်းပါတီက ရှမ်းရေးရာဝန်ကြီးနေရာကို ရမှာဖြစ်တဲ့အတွက် ငါတို့သည် ရှမ်း အမျိုးနဲ့ ပတ်သက်ပြီးတော့ အရင်ကထက်ပိုပြီး အများစု လုပ်နိုင်မယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက ရှမ်းနီနှစ်ပါတီ ပေါင်းပြီးတော့ နိုင်ငံရေးအတွက်ရော တစ်ခုလည်းပဲ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

စိုင်းဋ္ဌေးအောင်နဲ့ စိုင်းလှိုင်းငြိမ်းကို တွေ့ရစဉ်
ထို့ပြင် ရှမ်းနီပါတီများ အနေဖြင့် ဒေသအတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာအောင် ကြိုး စားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြည်သူများ၏ အကျပ်အတည်းဖြစ်သည့် ကုန်စျေး နှုန်း မြင့်တက်မှုဒဏ်ကို လျော့ကျနိုင်အောင် ဆောင်ရွက်သွားမည်ဟု ၎င်းတို့က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် TNDP ပါတီခေါ် ကျားနီပါတီသည် ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသား လွှတ်တော်နေရာ တစ်နေရာအပြင် အချိုးကျ ကိုယ်စားပြု စနစ်(PR)တွင် အမျိုးသားလွှတ်တော် (၁) ဦးနှင့် ပြည်နယ်လွှတ်တော် (၂) ဦး စသဖြင့် စုစုပေါင်း ၄ ဦး အနိုင်ရရှိခဲ့သည်။
ထို့နောက် ကျားမင်းပါတီဟု ဒေသတွင်း ခေါ်ဝေါ်ကြသည့် SSP ပါတီသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသား လွှတ်တော်နေရာ တစ်နေရာအပြင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် စသဖြင့် စုစုပေါင်း ၄ ဦး အနိုင်ရရှိခဲ့သည်။
