CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ရှမ်းနီ(ကျားမင်း)ပါတီ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ ဥက္ကဋ္ဌ စိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကျားမင်းပါတီဟုလည်း ဒေသတွင်း ခေါ်ဝေါ်ကျသည့် ရှမ်းနီပါတီသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကို စတင် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၁) ၌ ကျားမင်းပါတီ အနေဖြင့် မြေပြင် အချက်အလက် အရဆိုလျှင် ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP) တို့တွင် မဲအသာစီးရ၍ အနိုင်ရရှိ သွားပြီဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာန သို့ ပြောသည်။

ဟုမ္မလင်းမြို့ကို တွေ့ရစဉ် (Shanni Voice)
၎င်းက “ကျားမင်းပါတီ အနေနဲ့ကတော့ စစ်ကိုင်းတိုင်းမှာပဲ ကိုယ်စားပြုပြီး ယှဥ်ပြိုင်တဲ့ ပါတီဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း အယောက် ၄၀ ဝင်ရောက် ယှဥ်ပြိုင်ထားပါတယ်။ လက်ရှိမှာ အပိုင်း (၁)ပဲ ပြီးသေးတာ ဖြစ်တဲ့အတွက် ဘယ်နှစ်ရာခိုင်နှုန်းတော့ ပြောလို့မရသေးဘူးပေါ့နော်။ FPTP မှာတော့ ခုနက ပြောခဲ့သလိုပေါ့ လောလောဆယ် ဟုမ္မလင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ဟုမ္မလင်းတိုင်းဒေသကြီး FPTP ကတော့ သေချာ ပေါက် နိုင်သွားပြီ။ ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် မကြေညာသေးဘူးပေါ့နော်။ ဒါပေမယ့် မြေပြင် အချက်အလက်တွေအရတော့ တို့ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ရယ်၊ နောက်ပြီးတော့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး FPTP နဲ့ ဟုမ္မလင်းနဲ့ ပတ်သက် ရင်တော့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး (FPTP) ကတော့ မြေပြင်အချက်အလက်တွေအရ နိုင်သွားပြီလို့ ပြောရမှာပေါ့နော်” ဟု ပြောသည်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ သုံးပုံတစ်ပုံသာ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနိုင်ခဲ့သည်။
ထို့နောက် ဥရုချောင်းဒေသ၊ နတ်နန်းဒေသ အပါအဝင် ၎င်းဒေသများနှင့် နီးစပ်ရာ ကျေးရွာ အုပ်စုများ၌ နယ်မြေ လုံခြုံမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
သို့သော် ပြည်သူများအနေဖြင့် ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်တို့တွင် ဆန္ဒမဲ လာရောက်ပေးမှု ၆၀ ရာခိုင်နှုန်း ရှိကြောင်း၊ အခြေခံ မဲစာရင်းနှင့် ပတ်သက်သည့် အားနည်းချက် အချို့လည်း ရှိနေသည်ကို တွေ့မြင်ရကြောင်း ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP)မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြော သည်။

ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)ကို တွေ့ရစဉ်
၎င်းက “ဒီဇင်ဘာ ၂၈ ပေါ့နော်၊ အပိုင်း (၁) မှာပါနေတဲ့ ဟုမ္မလင်း၊ ခန္တီး လတ်တလောမှာပေါ့။ အဲဒီ ၂ နေရာနဲ့ ပတ်သက်လို့ လာပြီးတော့ မဲတွေလာထည့်ကြတယ်ပေါ့နော်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့တူတဲ့ ရွေးကောက် ပွဲ တစ်ခုလို့ မြင်ပါတယ်။ အချက်အလက်တွေ အရတော့ ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင်နှုန်းခန့် မဲလာပေးကြတဲ့ အနေအထားမျိုး ရှိပါတယ်။ တော်တော်လေးလည်း အားလုံးက စိတ်ဝင်တစား ရှိကြပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့လေ။ အခြေခံ မဲစာရင်းတွေနဲ့ ပတ်သက်တဲ့ အားနည်းချက် တချို့တော့ တွေ့ပါတယ်။ တချို့ဟာလေး တွေက ပထမအကြိမ်၊ ဒုတိယအကြိမ်မှာ မဲစာရင်းတွေ ပါခဲ့ပြီးမှ နောက်ဆုံးအကြိမ်မှာ မဲစာရင်းမပါခဲ့တာ မျိုးလေး တွေလည်းပဲ တွေ့ရတယ်။ နောက်တစ်ခုက အဖေတူတူ အမေတူတူက မွေးလာပြီးတော့ တိုင်းရင်းသား မဲတွေပေး တဲ့ အချိန်မှာပေါ့၊ ဥပမာပေါ့ ရှမ်းမဲပေးတာနဲ့ ပတ်သက်ပြီးတော့၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်တာနဲ့ ပတ်သက်ပြီးတော့ မဲပေးတဲ့အချိန်မှာ တစ်ဖအေ(အဖေ)ထဲ တစ်မိအေ(အမေ)ထဲက မွေးလာပေမယ့် ညီကပါပြီး တော့ အစ်ကိုက တိုင်းရင်းသားမဲ ပေးခွင့် မရတာမျိုးတွေ၊ ဒါမျိုးတွေလည်း တွေ့ရပါတယ်” ဟု ပြောသည်။
ကျားမင်းပါတီ (SSP) အနေဖြင့် ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းနိုင်နိုင် ကျော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းစံလှစိုးတို့က ဝင်ရောက်ယှဥ်ပြိုင်၍ အနိုင်ရခဲ့ ကြောင်း သိရသည်။
