CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉

ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် မိမိတို့ ရှမ်းနီပါတီသည် ဒေသအကျိုးနှင့် ရှမ်းနီလူမျိုးများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်ခွင့်ရ သွားပြီဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်မှ CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် TNDP ပါတီခေါ် ကျားနီပါတီသည် ကချင်ပြည်နယ် အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းတိုင်းရင်းသားလွှတ်တော်နေရာ တစ်နေရာအပြင် အချိုးကျ ကိုယ်စားပြုစနစ်(PR)တွင် အမျိုးသားလွှတ်တော် (၁) ဦးနှင့် ပြည်နယ်လွှတ်တော် (၂) ဦး စသဖြင့် စုစု ပေါင်း ၄ ဦး အနိုင်ရရှိခဲ့သည်။

လက်ရှိ အချိန်တွင် မိမိတို့ပါတီ အနေဖြင့် ပြည်သူအကျိုး၊ လူထုအသံများကို လွှတ်တော်ထဲ၌ ပြောခွင့်ရ သည့် ပါတီတစ်ခု ဖြစ်လာကြောင်း၊ ရှမ်းနီလူမျိုး အကျိုးသာ မဟုတ်ဘဲ ဒေသအကျိုးကိုလည်း အားသွန် ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်မှ CNI သတင်းဌာနသို့ ပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မဲဆွယ်နေကြစဉ်

၎င်းက “ကျနော်တို့ကတော့ ပြည်သူလူထုအကျိုးကို လွှတ်တော်ထဲမှာ ပြောခွင့်ရတဲ့ ပါတီအနေနဲ့တော့ ဖြစ်လာတယ်လို့ ပြောချင်တယ်ပေါ့နော်။ အဲဒီကိစ္စတွေ ပြောခွင့်ရတဲ့အခါကျတော့ ကျနော်တို့ ရှမ်းပြည် ပြည်သူလူထုကလည်း အင်မတန်မှ ဝမ်းသာကြတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်အဆက်ဆက်မှာ ကျနော်တို့ ကချင်ပြည်နယ်မှာတော့ တစ်ခါမှ မနိုင်ခဲ့ဖူးဘူး။ ရွေးကောက်ပွဲ သုံးကြိမ်ဝင်ပြိုင်တာ။ ဒီတစ် ခါတော့ ကျနော်တို့ အနေနဲ့ ကိုယ်စားလှယ်တွေ ပါသွားပြီပေါ့ဗျာ။ ပါသွားပြီဆိုတဲ့ အခါကျတော့ ရှမ်းနီ လူမျိုး အကျိူးသာ မဟုတ်ပဲနဲ့ ဒေသအကျိုးကို ဆောင်ရွက်ဖို့ တည်ထောင်ထားတဲ့ ပါတီဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ဒေသအကျိုးကိုလည်း ကျနော်တို့ လွှတ်တော်ထဲမှာ ပါတီအနေနဲ့ အင်နဲ့အားနဲ့ ပြောပေးနိုင် မှာပါ။ ကျနော်တို့ကတော့ လွှတ်တော်အတွင်းရော၊ လွှတ်တော် ပြင်ပရော ဟန်ချက်ညီညီ ဆောင်ရွက် သွားမယ်လို့တော့ ကျနော်တို့ ကော်မတီကိုတော့ ရွေးကောက်ပွဲ မတိုင်ခင်ထဲက ပြောထားတာ၊ ဆုံးဖြတ် ထားတာတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ရှမ်းနီလူမျိုးတွေကလည်း ကျနော်တို့ ပါတီကနေပြီးမှ ကိုယ်စားလှယ်တွေရတော့ သူတို့လည်း ဝမ်းသာကြပါတယ်။ ဝမ်းသာအားကိုးကြတာပေါ့နော်။ ပြည်သူ လူထု အားကိုးသလိုမျိုးပဲ အားကိုးထိုက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်အောင်တော့ ကျနော်တို့ ကြိုးစား သွားမှာပါ” ဟု ပြောသည်။ 

ကျားနီပါတီသည် အရပ်သားအစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီအဖြစ် လက်ရှိအချိန်ထိ ဆက်လက် ရပ်တည် နေခြင်း ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခများအကြားတွင် ပြည်သူများ နစ်နာဆုံးရှုံးမှုများ အင်မတန် များပြားသည့်အတွက် ငြိမ်းချမ်းရေးကို မိမိတို့အနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်း ရေး ရသွားလျှင် မြန်မာပြည် တစ်ဝက်ကျော် ငြိမ်းချမ်းရေး ရသွားနိုင်သည်ဟု စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။  

TNDP ပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်

၎င်းက “ကချင်ပြည်နယ်မှာလည်း ကျနော်တို့ ပါတီလုပ်ငန်းစဉ်ထဲမှာ ပါပြီးသားပေါ့။ ကချင်ပြည်နယ်သာ ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် မြန်မာပြည် တစ်ဝက်ကျော်လောက်က ငြိမ်းချမ်းရေး ရသွားနိုင်ပါတယ်။ ဒါလည်း အဓိက,ကတော့ ကျနော်တို့ပါတီ လွှတ်တော်ထဲမှာ ပါဝင်တာတော့ နည်းပါတယ်၊ နှစ်ယောက် ဆိုတဲ့ ကဏ္ဍကတော့။ နောက်ပြီးတော့ (KSPP) ကချင်ပြည်နယ် ပြည်သူ့ပါတီကလည်း ကျနော်တို့ လွှတ်တော်မှာ အမျိုးသားတို့၊ ပြည်သူတို့ ပါလာတာပေါ့နော်။ အဲဒီအခါကျတေ့ာ ကချင်ပါတီတွေရော ကျနော်တို့ပါတီ လွှတ်တော်ထဲမှာ များများပါပြီးမှ၊ များများဆွေးနွေးကြမယ်ဆိုရင် အခုလက်နက်ကိုင် တိုက်နေတဲ့ ပြဿနာတွေ တော်တော်များများမှာ ပြေလည်သွားနိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ‌ကချင်ပြည်နယ်ဆိုရင် ဟိုတုန်းက ရထားလမ်းကို အားကိုးရတယ်။ အခုရထားလမ်းကြီးက မသွားနေနိုင် တာ ကြာပြီ။ ဒီရထားလမ်းကြီး ပြေးဆွဲပြီဆိုရင်တော့ ပြည်သူတွေ ကုန်ဈေးနှုန်းတွေ ဘာတွေကျသွား မယ်။ အဲ့လိုကိစ္စမျိုးတွေကအစ ကျနော်တို့ လွှတ်တော်ထဲမှာ တင်ပြပြီးမှ လမ်းခရီးတွေ သာယာချောမွေ့ ရေး၊ ကောင်းအောင် ကြိုးစားချင်တယ်။ အဲဒီ ပြေးနိုင်အောင်ဆိုရင်လည်း ငြိမ်းချမ်းရေးဟာ အဓိက ကျ တယ်ဆိုတဲ့ အခါကျတော့ ကျနော်တို့ ပါတီလုပ်ငန်းစဉ် နံပါတ်တစ် ဦးစားပေးထဲမှာလည်း ပါပြီးသားပါ။ ငြိမ်းချမ်းရေးရအောင်တော့ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းလေးပေါ့ နော်။ ပြည်သူ့အသံတွေလည်း လွှတ်တော်ထဲမှာ ကျနော်တို့ ပါတီအနေနဲ့ ပြောနိုင်ဆိုနိုင်အောင် ကြိုးစား သွား မယ်ဆိုတဲ့ အကြောင်းလေးတော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ လက်နက်ကိုင် ပြဿနာတွေ ကြားထဲမှာမှ ဒီမိုကရေစီ ယန္တရားထဲမှာ လည်ပတ်နေတဲ့သူတွေ ဝန်ထမ်းဆိုးတွေ အများကြီးရှိပါတယ်။ အဲဒီဝန်ထမ်းဆိုးတွေကြောင့်မို့ပဲ ပြည်သူလူထုက နိုင်ငံတော်အပေါ်ကို အမုန်းတရားတွေ ပိုပို ကြီးကြီး လာတယ်။ အဲ့ဒါမျိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်လည်း ကျနော်တို့က အားမနာတမ်းပြောပါမယ်။ ဒေသကို အခြေစိုက်ထားတဲ့ပါတီသည် ဒေသကို အကျိုးမရှိပဲ ဒေသအပေါ်မှာ လုပ်စားနေတဲ့ သူဟူသမျှကတော့  ဥပဒေနဲ့ အပြစ်ရှိရင် အပြစ်ရှိသလိုပေါ့နော် ဥပဒေအတိုင်း စီရင်ဆောင်ရွက်နိုင်အောင် ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောချင်တာပေါ့” ဟု ပြောသည်။ 

ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KIA-PDF တို့ တိုက်ပွဲများဖြစ်ပွားနေသလို ကချင်ပြည် နယ်ဖြင့် ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း KIA-PDF သည် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပသည့်အခါမှာလည်း KIA-PDF က ရွေးကောက်ပွဲ နှောင့်ယှက် ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်သည့်ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။