CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ  နိုင်ငံရေးပါတီ တစ်ခုတည်းက ကြီးစိုးသည့် လွှတ်တော်နှင့်အစိုးရ အခင်းအကျင်းဖြစ်သွား၍ လွှတ်တော်ပြင်ပ မီဒီယာများ၏ အခန်းကဏ္ဍမှာ အရေးကြီးလာ သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လာမည့်ကာလတွင် လွှတ်တော်ထဲမှာ အပြန်အလှန် ထိန်းကြောင်းမှု အားနည်းနိုင်၍ လွှတ်တော်ပြင်ပ မီဒီယာများ ၏ အခန်းကဏ္ဍက အရေးကြီးလာကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရ ‌ပေါ်ပေါက်လာဖို့ကလည်း အနိုင်ရပါတီ ၏ စဥ်းစားမှုနှင့် ဆင်ခြင်တုံတရားပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “အခုကတော့ တစ်ပါတီထဲက အများစု အနိုင်ရတဲ့အခါကြတော့ အနိုင်ရပါတီရဲ့ ဦးစားပေး အစီ အစဥ်တွေက ဒါအစိုးရရဲ့ မူဝါဒတွေ ဖြစ်လာမှာပေါ့။ ဟိုကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်က လွှတ်တော် ရွေးကောက်ပွဲ တစ်ခုပဲရှိတာကို။ အဲ့ဒီတော့ လွှတ်တော်မှာက အများစု အနိုင်ရရင်၊ လွှမ်းမိုးရင် အစိုးရကလည်း အနိုင်ရပါတီက စီမံတဲ့၊ ဦးဆောင်တဲ့ အစိုးရ ဖြစ်သွားမှာပေါ့။ ဒီဟာတွေကတော့ ကျနော်တို့ ကြိုလည်းပြောခဲ့ပါ တယ်။ အဲ့ဒီတော့ အပြန်အလှန် စစ်ဆေးထိန်းကျောင်းတဲ့ ပုံစံကတော့ ထိခိုက်သွားတာပေါ့နော်။ အဲ့ဒီအချိန်မှာ ဘာတွေက အရေးကြီးသွားတာလဲဆိုတော့ လွှတ်တော်ပြင်ပမှာရှိတဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးလာ တယ်။ အခုကတော့အဲ့ဒီတော့ မီဒီယာတွေက ဘယ်လောက်ထိ ပွင့်ပွင့်လင်းလင်း ဟိုထုတ်ဖော်ပြောဆိုခွင့် ရမလဲဆိုတာပေါ့။ နောက်တစ်ခုကတော့ အနိုင်မရပေမယ့်လို့ နိုင်ငံရေးပါတီတွေ အနေနဲ့ပဲ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေ၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပြတာ၊ ဝေဖန်တာ၊ အကြံပေးတာ ဒါတွေလည်း လုပ်ဖို့လိုလာတာပေါ့။ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာကတော့ အဓိက အနိုင်ရပါတီရဲ့  သူရဲ့စဥ်းစားမှု၊ သူရဲ့ဆင်ခြင်တုံတရားပေါ် မှာပဲ မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ တရားဝင် လုပ်ပိုင်ခွင့်က အနိုင်ရပါတီရဲ့ လက်ထဲကို ရောက်သွားတာ ပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ အကြံပြုတာတော့ ပြုလို့ရတယ် သို့သော် ဆုံးဖြတ်တာကတော့ အနိုင် ရပါတီကပဲ အဓိက ဆုံးဖြတ်သွားမှာပေါ့”ဟု ပြောသည်။

 ဦးသိန်းစိန် လက်ထက်က မီဒီယာသမားတွေ ဆန္ဒပြနေကြစဉ် (AFP)

ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသည် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ်ပြီး ရေရှည်တည်တံ့ သည့် ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်လုပ်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။

ယခင် ဦးသိန်းစိန် လက်ထက်တွင် ပြည်တွင်း/ပြည်ပ ရောက်ရှိနေသည့် မီဒီယာသမားများကို လက်ကမ်းကြိုဆိုခဲ့ သလို မီဒီယာလွတ်လပ်ခွင့်ကို ပေးအပ်ခဲ့ခြင်းကြောင့် အပြန်အလှန် ထိန်းကျောင်းမှုအား အထိုက်အလျောက်ရှိခဲ့ သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်တုန်းက ဒီ၂၀၁၀ တုန်းက ဦးသိန်းစိန် အစိုးရခေတ်တုန်းကတော့ ယုံကြည်မှု တည်ဆောက်တာပေါ့နော်။ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ နိုင်ငံရေးတင်မကဘူး၊ မီဒီယာမှာလည်း မီဒီယာလည်း ပါတာပေါ့။ ဒီ ဦးသိန်းစိန် အစိုးရခေတ်တုန်းက ဒီပြည်တွင်းပြည်ပမှာ ရောက်ရှိနေတဲ့ သူတွေကို လက်ကမ်းကြိုဆိုတဲ့ ထုတ်ပြန် ကြေညာချက်တွေ လုပ်တယ်။ လုပ်တော့ ဒါပြည်တွင်းကို ပြန်ဝင်ကြတယ်လေနော်။ အခုကတော့ ဒီအပြောင်းအလဲ ဆိုတာထက် လက်တွေ့မှာက မီဒီယာသမားတွေ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာခွင့်ရသလဲ အဲ့ဒါ မူတည်ပါတယ်။ ပွင့်လင်းမြင်သာမှုပေါ်မှာ ဘယ်လောက်ရှိနေလဲ၊ နောက်နယ်စပ် တိုင်းရင်းသား ဒေသတွေမှာရော ဒီလွတ်လပ်ခွင့် ဘယ်လောက် ပေးထားလဲဆိုတဲ့ဟာက လက်တွေ့ကျတဲ့ လက်ကမ်းကြိုဆိုမှုပေါ့နော်။ အဲ့လိုမှပဲ ဒီမီဒီယာတွေကလည်း လွတ်လပ်စွာ သွားလာနိုင်မယ်၊ လွတ်လပ်စွာ သွားလာနိုင်မှသာ လွတ်လပ်စွာ ထုတ်ဖော်နိုင် မယ်၊ လွတ်လပ်စွာ ထုတ်ဖော်နိုင်မှသာလျှင် ကိုယ်ရဲ့တက်လာတဲ့ အစိုးရက ဒီလူထုအတွက်ကို ဘယ်လောက် ကိုယ်စားပြုမလဲ၊ လူထုအတွက် ဘယ်လောက် အကျိုးပြုပေးမလဲ ဆိုတဲ့ဟာက သုံးသပ်လို့ ရမှာပေါ့နော်။ အဓိက ကတော့ အစိုးရထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာ ဒီပုဒ်မ ၆၆ (ဃ) လိုမျိုးတွေ၊ နောက်ပြီးတော့မှ နိုင်ငံတော်ပုန်ကန်မှု စသဖြင့် ဥပဒေတွေ၊ နောက်ပြီးတော့မှ အီလက်စ်ထရော်နစ် နည်းပညာဆိုင်ရာ အဲ့ဒီ ဥပဒေ တွေ၊ နောက်ပြီးတော့မှ ပုဒ်မ ၁၇ (၁)နဲ့ဆိုင်တဲ့ ဥပဒေတွေ အဲ့ဒီဟာတွေ အကုန်လုံး ရုပ်သိမ်းရမှာပေါ့နော်။ ရုပ်သိမ်း မှသာလျှင် ဒီမီဒီယာတွေက ဒီအစိုးရက ဪ တကယ့်ကို ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အစိုးရပဲဆိုတဲ့ဟာပေါ့ အဓိက အရေးကြီးတာက အဲ့ဟာပါပဲ”ဟု ပြောသည်။

မီဒီယာသမားတွေ သတင်းရယူနေကြစဉ် (မူရင်းပိုင်ရှင်-Crd)

၂၀၁၀ အထွေထွေရွေးကောက်ပွဲကနေ တက်လာသည့် ဦးသိန်းစိန် အစိုးရလက်ထက်က မီဒီယာ လွတ်လပ်ခွင့်ပေး ခဲ့သလို ပြည်ပမီဒီယာများကိုလည်း မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့်ပေးခဲ့ကြောင်း၊ ဦးသိန်းစိန် အစိုးရကို မီဒီယာ သမားများက သဘောထားဆန္ဒ ထုတ်ဖော်ခွင့်ရှိသည့် အခြေအနေထိ လွတ်လပ်ခွင့်ရခဲ့ကြောင်း၊ ထို့နောက် မီဒီယာနှင့် အစိုးရကြားလည်းကောင်း၊ မီဒီယာနှင့်လွှတ်တော်ကြားလည်းကောင်း အပြန်အလှန် ထိန်းကျောင်းနိုင်ခဲ့ ကြသည်။

သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ တက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် မီဒီယာ လွတ်လပ်ခွင့်များ ထိန်းချုပ်ခံရမှုများရှိသလို ၆၆(ဃ)နှင့် ပုဒ်မ ၁၇(၁) များဖြင့် ဖမ်းဆီး အရေးယူခံရသည့် မီဒီယာသမားများလည်း အများအပြားရှိခဲ့သည်။