CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် အလွန်အရေးကြီးသည့်အပေါ် အငြင်းပွားမှုများ မရှိစေရေး အတွက် ရွေးကောက်ပွဲကော်မရှင်ကို မည်သည့် လူပုဂ္ဂိုလ်- အဖွဲ့အစည်းများဖြင့် စုဖွဲ့သင့်လဲဆိုသည့်အပေါ် နိုင်ငံ ရေးပါတီများနှင့် အရပ်ဖက် အဖွဲ့အစည်းများကြား သုံးသပ်မှုများ ရှိနေကြသည်။
ရွေးကောက်ပွဲကော်မရှင်တွင် ဥပဒေပြုရေး ဝန်ထမ်းများသာမက ပါတီကိုယ်စားလှယ်များ၊ တရားဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များဖြင့် စုဖွဲ့သင့်သည်ဟု ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)မှဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါနဂိုကတည်းက တောင်းဆိုနေကြတဲ့ဟာပဲ။ အခုဟာကတော့ တက်လာတဲ့အစိုးရတွေက ရွေးတဲ့ ကော်မရှင်တွေချည်းပဲ ဖြစ်တာများတယ်။ ကျနော်တို့ အကြံပြုချင်တာကတော့ ဖြစ်နိုင်ရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ expert တွေပေါ့။ တတ်သိကျွမ်းကျင်တဲ့လူတွေ အဲဒီကိုယ်စားလှယ်တွေ၊ နောက် ပါတီကိုယ်စားလှယ် တွေ၊ ဖြစ်နိုင်ရင် ဘာသာရေး ကိုယ်စားလှယ်တွေ၊ အလားတူ အစိုးရကိုယ်စားလှယ်တွေ အစရှိသဖြင့်ပေါ့လေ။ ဖြစ် နိုင်ရင် ဒီဘက်က လက်နက်ကိုင်အဖွဲ့အစည်းပေါ့။ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာလည်း မတရားအသင်းက လူတွေတောင်ထားလိုက်ဦး တရားဝင်ရှိနေသေးတဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါ အပါအဝင်ဆိုရင်တော့ နည်းနည်း ပိုပြီးတော့ သင့်တင့် လျောက်ပတ်မလားပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲကို အခုခန့်လိုက်တဲ့ဟာ၊ ရွေးချယ်တဲ့ဟာ မဟုတ်ဘူး၊ မမှန်ဘူးလို့တော့ ကျနော်တို့ မပြောလိုဘူး။ ဒါသူ့ဟာနဲ့သူ အဖြေထွက်လိမ့်မယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ အားလုံးသာတူညီမျှနဲ့ အားလုံးသဘောတူ တဲ့ဟာမျိုး ဖြစ်အောင်တော့ ခုနက ကျနော်ပြောတဲ့ ပုဂ္ဂိုလ်တွေနဲ့ စုဖွဲ့တယ်ဆိုရင် သင့်တော်ဆီလျော် မလားပေါ့ လေ။ ကျနော်ကတော့ အဲဒီလိုပဲ မြင်မိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကျင်းပနေစဉ်
ရွေးကောက်ပွဲကော်မရှင်ကို အစိုးရမှ ဖွဲ့စည်းခြင်းသည် သဘာဝကျသော်လည်း ကော်မရှင်ဆိုသည့်အတိုင်း အစိုးရတစ်ခု၊ ပါတီတစ်ခု၏ အရိပ်အောက် မဖြစ်စေရန် လိုအပ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် မြေပြင်တွင် တွေ့ရှိမှုများအရ ကော်မရှင်တစ်ခု၌ အကြီးအကဲသည် ဆုံးဖြတ်ချက် ချသည့်ကိစ္စသာ လုပ်ဆောင်ပြီး အဓိက အလုပ်လုပ်ရသည်မှာ အောက်ခြေမှ ဝန်ထမ်းများ ဖြစ်သည့်အတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်များ ရှိရန်လိုကြောင်း ၎င်းက ပြောသည်။
ဦးလီပေါ်ရဲ့က “အဓိက,ကတော့ သူတို့က ကော်မရှင်ကြတော့ အများယုံကြည် လေးစားရတဲ့ ပုဂ္ဂိုလ်တွေ ထည့် သွင်းပြီးမှ ဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် စီမံပိုင်ခွင့်ရှိပါ တယ်။ ဘယ်ပါတီ၊ ဘယ်အစိုးရရဲ့ သစ္စာလည်း ခံစရာမလိုဘူး။ အဲဒီလိုရှိတဲ့ ကော်မရှင်ဖြစ်ဖို့တော့ လိုတာပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ဒီကော်မရှင် အလုပ်လုပ်တာက ဘယ်အဖွဲ့အစည်းပဲ ပိုလုပ်သလဲဆိုတော့ ဝန်ထမ်း အဖွဲ့အစည်းက ပိုလုပ်တာ။ ဝန်ထမ်း အကြီးအကဲကပဲ အရေးကြီးတာ။ ဝန်ထမ်း အကြီးအကဲကတော့ ဘာပဲပြော ပြော ဘယ်အဖွဲ့အစည်းရဲ့ ဩဇာခံ မဖြစ်ဖို့တော့ အရေးကြီးတာပေါ့။ အန်ကယ်တို့ မြင်နေရတာတော့ ကော်မရှင် အသီးသီးက အဖွဲ့ဝင်တွေက လွတ်လပ်တဲ့ အများယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်တွေတော့ ဖွဲ့ထားတာပဲ။ ဒါပေမယ့် အဓိက,က အလုပ်လုပ်တာက ဝန်ထမ်းအဖွဲ့အစည်းကပဲ လုပ်တာများတဲ့ အခါကြတော့ ဝန်ထမ်း အဖွဲ့အစည်းတွေ ထဲမှာတော့ သူတို့က ကော်မရှင် ဝန်ထမ်းတစ်ဦးရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိဖို့တော့ လိုတာပေါ့။ ဟိုပါတီ က မျက်နှာကြီးတယ်၊ ဒီပါတီက မျက်နှာသေးတယ် မဖြစ်အောင်တော့ လုပ်ဖို့တော့ ဝန်ထမ်းတွေရဲ့ အကြီးအကဲ ပေါ်မှာ မူတည်တယ်။ ကော်မရှင်အဖွဲ့ ကော်မတီတွေကတော့ သူတို့ကတော့ အလုပ်လုပ်တဲ့ နေရာမှာ သူတို့က သိပ်မလုပ်ဘူးလေ။ သူတို့က ဆုံးဖြတ်ချက်ချတဲ့ နေရာလောက်ပဲ လုပ်တဲ့အခါကြတော့ ရွေးကောက်ပွဲမှာတော့ ဦးဆောင် အလုပ်လုပ်တာ ဝန်ထမ်းအဖွဲ့အစည်းက များတယ်” ဟု ပြောသည်။
အစိုးရသစ် လက်ထက်တွင် ရွေးကောက်ပွဲကော်မရှင် ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေကို သေချာပြင်ဆင် ပြဋ္ဌာန်းပြီး သမိုင်းမှတ်တမ်းဝင်မည့် ကိစ္စတစ်ခုအဖြစ် ဆောင်ရွက်စေချင်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ရုံးကို တွေ့ရစဉ်
၎င်းက “သီးခြားလွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ မဏ္ဍိုင်ဖြစ်သင့်တာပေါ့။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုအရက ဒီလိုမျိုး ဖြစ်မနေဘူးပေါ့။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးအတွက်ကို အနည်းနဲ့အများဆိုသလို ထိခိုက်မှုရှိတယ်။ အထူးသဖြင့် ရွေးကောက်ပွဲလို ကိစ္စတွေမှာကြတော့ ပြောစရာကိစ္စတွေလို ဖြစ်လာတယ်ပေါ့။ အုပ်ချုပ်ရေး အာဏာပိုင်တွေက မရည်ရွယ်ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တစ်စုံတစ်ရာ ပြောဆိုနေတဲ့အတိုင်း ပြောဆို ဆက်ဆံ မိရင်တောင်မှ ကော်မရှင်တွေ ဘက်က သူတို့အပေါ်မှာ ဒီအုပ်ချုပ်ရေးအာဏာပိုင်က အမိန့်ပေးတယ်ဆို တဲ့ သဘောမျိုး ခံစားသွားရနိုင်တယ်လေ။ ပုံမှန်က ရွေးကောက်ပွဲကော်မရှင်က ခေတ်အဆက်ဆက်က အုပ်ချုပ် ရေး ယန္တရားအောက်မှာပဲ ရှိနေတဲ့ပုံစံ ဖြစ်နေတယ်လေ။ အမှန်တော့ အဲဒီလို မဟုတ်ဘူးပေါ့။ ဒါပေမယ့် မြန်မာ ပြည်မှာက ဒီလိုမျိုး ဆက်တိုက် ဖြစ်လာခဲ့တာပေါ့။ အဲဒီတော့ ဒီလိုမျိုး အစိုးရသစ် လက်ထက်မှာတော့ အန်တီတို့ က မျှော်လင့်တယ်။ ရွေးကောက်ပွဲကော်မရှင်တွေကို အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ တခြားသော တရားစီရင်ရေး အာဏာပိုင်တွေထားရင် သီးခြားကင်းလွတ်တဲ့ အမှီအခိုကင်းလွတ်တဲ့ ယန္တရားတွေ ဖြစ်စေချင်တယ်ပေါ့။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင် ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေကို သေသေချာချာ ပြင်ဆင်ပြဋ္ဌာန်းပြီးတော့ ဒီကိစ္စကို သမိုင်း မှတ်တမ်းဝင်မယ့် ကိစ္စတစ်ခု အနေနဲ့ အစိုးရသစ်က ဆောင်ရွက်စေချင်တယ်ပေါ့” ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေး အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။
ထိုသို့ ဖွဲ့စည်းရာတွင် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံးအဖွဲ့ဝင် ငါးဦးကို ခန့်အပ်တာဝန် ပေးအပ်နိုင်သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီးအဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဖြစ်စေ၊ အလားတူ ရာထူးတာဝန် တစ်ခုခုတွင် ဖြစ်စေ အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှု လိုက်ပါ ဆောင်ရွက် ခဲ့သူ၊ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။
