CNI News
၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၃၀
လုံခြုံရေးကို ဦးစားပေး စဉ်းစားသော မြန်မာနိုင်ငံတွင် အစိုးရနှင့် မီဒီယာများကြား မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက် သင့်သလဲဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေကြသည်။
တိုင်းပြည်တစ်ခုတွင် အစိုးရနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်ခြင်းက တိုင်ပြည်အတွက် အကျိုးအများကြီးဖြစ်သွား နိုင်ကြောင်း၊ မီဒီယာသည် တိုင်းပြည်တစ်ခု လမ်းကြောင်းမှန်အောင် ထိန်းပေးရမည့် တာဝန်ဝတ္တရားရှိသော ကြောင့် ၎င်းကို စတုတ္ထမဏ္ဍိုင်ဟု ပြောခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နှစ်ချက်ရှိတာပေါ့လေ။ မီဒီယာကလည်း တကယ်တမ်းပြောရလို့ရှိရင် စီးပွားရေးပညာ၊ နိုင်ငံရေးသိပ္ပံပညာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာတွေ သေချာနားလည်ပြီးတော့ အမျှော်အမြင်နဲ့စဥ်းစားတဲ့ မီဒီယာမျိုးတွေ ဖြစ်သင့် တာပေါ့။ တိုင်းပြည်အတွက် ပြောတာပေါ့နော်။ အစိုးရဘက်က ကျတော့လည်း အနာဂတ်မှာ ပိုကောင်းဖို့ ဘာတွေ တီထွင်ကြံဆ၊ စနစ်တွေ ဘယ်လို ပြုပြင်ပြောင်းလဲ လုပ်တဲ့အလုပ်ပေါ့။ အဲ့နှစ်မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်ရှိတဲ့ လူတွေလည်း အစိုးရဘက်ကလည်းဖြစ်မယ်၊ မီဒီယာဘက်ကလည်း ခုနပြောသလိုပေါ့ ဘောဂဗေဒပေါ့၊ နိုင်ငံရေး သိပ္ပံပေါ့၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပေါ့ သဘောတရားကို ကျကျနန သိတယ်ဆိုလို့ရှိရင် အစိုးရနဲ့မီဒီယာနဲ့က ပူးပေါင်း ဆောင်ရွက်တာက တိုင်ပြည်အတွက် အကျိုးအများကြီး ဖြစ်သွားနိုင်တာပေါ့။ မီဒီယာဆိုတာက နဂိုထဲက သူက စတုတ္ထ မဏ္ဍိုင်လေ။ ဟိုတိုင်းပြည်မှာ လမ်းကြောင်းတွေ မှန်အောင် သူက ထိန်းပေးရမဲ့ တာဝန်ဝတ္တရားရှိ တာ ဒါကြောင့်မို့ သူ့ကို စတုတ္ထမဏ္ဍိုင်လို့ ပြောတာပေါ့”ဟု ပြောသည်။
ယနေ့ခေတ်တွင် မီဒီယာသည် နည်းပညာ တိုးတက်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြောင်းလဲတိုးတက် နေသောကြောင့် မီဒီယာအခန်းကဏ္ဍကို လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်ရန် အရေးကြီးလာကြောင်း ထောက်ပြကြသည်။
အလားတူ လူမှုကွန်ရက်များတွင် သတင်းစီးဆင်းမှုများ အလွန်မြန်ဆန် လာသည့်အတွက် ပြည်သူများ သိသင့် သိထိုက်သည့် မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို မီဒီယာနည်းလမ်းဖြင့် အသိပေးသော နေရာ၌ တိကျမှုရှိပြီး မှန်ကန်မြန်ဆန်စွာ တင်ဆက်နိုင်ရန် အရေးကြီးသကဲ့သို့ အရည်အသွေး ပြည့်မီပြီး အပြုသဘောဆောင်သည့် သတင်းမှတ်တမ်းများ ဖြစ်ရန်လည်း အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ဦးသိန်းစိန် လက်ထက် မီဒီယာသမားတွေ ဆန္ဒထုတ်ဖော်နေကြစဉ်(AI)
သတင်းမီဒီယာ လွတ်လပ်ခွင့်အား ပိုပေးသင့်ပြီး၊ မီဒီယာသမားများ၏ အရည်အသွေး ပြည့်မှီရန် အရည်အသွေး ထိန်းချုပ်သည့် စနစ်လေးများ ရှိသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရလို့ပြောရင်တော့ ဒီမြန်မာပြည်မှာပေါ့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ပိုင်းမှာ မီဒီယာလွတ် လပ်ခွင့်နဲ့ မီဒီယာ အားအကောင်းဆုံးခေတ်က ဦးသိန်းစိန် လက်ထက်ပေါ့လေ။ သတင်းမီဒီယာ သမားတွေကို လည်း တော်တော်လေး လွတ်လွတ်လပ်လပ် ရေးပိုင်ခွင့် ပေးတယ်ပေါ့လေ။ ဒီတက်လာမဲ့ အစိုးရအနေနဲ့လည်း တစ်ဖက်ကတော့ ကျနော်တို့လည်း နားလည်တယ် နိုင်ငံတော်လုံခြုံရေးက အရေးကြီးတယ်။ ပြီးရင် ပြည်သူလူထု အထင်မြင် မမှားဖို့နဲ့ သတင်းအမှားတွေ မရောက်ဖို့က အရေးကြီးတာ တစ်ဖက်က ထိန်းရမှာလည်း ဖြစ်သလို တဖက်က သတင်းမီဒီယာတွေအပေါ် ထိုက်လျှောက်စွာ လွတ်လပ်ခွင့် ပိုပေးသင့်တယ်လို့ ထင်တယ်။ စိစစ်သင့် တာကတော့ စိစစ်ရမှာပေါ့နော်။ ပြည်တွင်းမီဒီယာ တော်တော်များများ မရှိကြတော့ဘူးပေါ့နော်။ ပြည်ပ ရောက် သွားတယ်။ နောက် နည်းစနစ် အပြောင်းအလဲအရ ဒီဂျစ်တယ် အွန်လိုင်းမီဒီယာတွေ ဖြစ်သွားတယ်ပေါ့နော်။ ဆိုလို တဲ့ သဘောက မီဒီယာ ရှားသွားတယ်။ သတင်းမီဒီယာတွေရဲ့ အရည်အသွေးကို ထိန်းချုပ်တဲ့ စနစ်တစ်ခုရှိသင့် တယ်။ ဆိုတော့ နှစ်ပိုင်းပေါ့၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဒီထက် ပိုပေးသင့်တယ်၊ သို့သော် မီဒီယာသမားတွေ ရဲ့ အရည်အသွေး ပြည့်မှီဖို့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ ညီဖို့အတွက်ကတော့ အရည်အသွေး ထိန်းချုပ်တဲ့ စနစ်လေးတွေ ရှိသင့်တယ်။ အဓိကတော့ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေလေးတွေ ထပ်ပြုဖို့လိုတာလေးတွေ ရှိနိုင်တယ်”ဟု ပြောသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကနေ တက်လာသည့် ဦးသိန်းစိန် အစိုးရလက်ထက်က မီဒီယာလွတ်လပ်ခွင့်ပေး ခဲ့သလို ပြည်ပမီဒီယာများကိုလည်း မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့် ပေးခဲ့ကြောင်း၊ ဦးသိန်းစိန် အစိုးရကို မီဒီယာသမားများက သဘောထားဆန္ဒ ထုတ်ဖော်ခွင့်ရှိသည့် အခြေအနေထိ လွတ်လပ်ခွင့်ရခဲ့ကြောင်း၊ ထို့နောက် မီဒီယာနှင့်အစိုးရကြားလည်းကောင်း၊ မီဒီယာနှင့်လွှတ်တော်ကြားလည်းကောင်း အပြန်အလှန် ထိန်းကျောင်းနိုင်ခဲ့ ကြသည်။
သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ တက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် မီဒီယာ လွတ်လပ်ခွင့်များ ထိန်းချုပ်ခံရမှုများရှိသလို ၆၆(ဃ)နှင့် ပုဒ်မ ၁၇(၁) များဖြင့် ဖမ်းဆီး အရေးယူခံရသည့် မီဒီယာသမားများလည်း အများအပြားရှိခဲ့သည်။

သတင်းစာများကို တွေ့ရစဉ် (IMS)
အလားတူ လက်ရှိကာလမှာလည်း မီဒီယာ လွတ်လပ်ခွင့်သည် ကန့်သတ်မှုများရှိနေသလို အစိုးရနှင့် မီဒီယာကြား ပူးပေါင်းဆောင်ရွက်နိုင်သော အခင်းအကျင်းများ အားနည်းလာခဲ့သည်။
လွှတ်တော်ထဲတွင် လွှတ်တော်အမတ်များက လက်ညိုးထောင် ခေါင်းညိမ့်သည့် အဆင့်ပဲ ဖြစ်မည်ဆိုလျှင် မီဒီယာလွတ်လပ်မှု လမ်းကြောင်းက ပွင့်မှာမဟုတ်ဘူးဟု သျှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာချုပ် စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ လူပုဂ္ဂိုလ်အားဖြင့် အမတ်တွေက မီဒီယာနဲ့ ပွင့်လင်းမြင် သာစွာ ဆက်ဆံနိုင်တဲ့ဟာက အရေးကြီးပါတယ်။ အခုထက်ထိတောင်မှ သူတို့က ပြောဆိုစီစဥ်မှုတွေ မပြောရဲ မသုံးသပ်ရဲဘူးလေနော်။ မသုံးသပ်ရဲတော့ ပြဿနာက ဘာလာပြလဲဆိုတာက လွတ်လပ်တဲ့ မီဒီယာအတွက် သိပ်မရှိသေးဘူးဆိုတဲ့ဟာက ပေါ်တာပေါ့။ သူတို့ကိုယ်တိုင် စိုးရိမ်ကြောင့်ကြနေတယ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်လို့ရှိရင် လူထုကို သူတို့ ဘယ်လို ကိုယ်စားပြုမလဲပေါ့နော်။ အဓိကတော့ မီဒီယာတွေနဲ့ ပွင့်လင်းစွာ ဆက်ဆံရမယ် တကယ့် ကို အထဲကျကျပေါ့နော်။ ဒီဥပဒေတွေ၊ ဒီဥပဒေတွေက မီဒီယာတွေအတွက် အဟန့်အတား ဖြစ်နေတယ်ဆိုတဲ့ ဟာတွေကို သူတို့က ရဲရဲဝင့်ဝင့်နဲ့ လွှတ်တော်ထဲမှာ ဒီတိုက်ပွဲဝင်ပေးရမှာပေါ့နော်။ ဒါပေမယ့် အခုတော်တော်များ က လွှတ်တော်ထဲမှာ မေးတာတွေလဲ သိပ်မဖြေရဲကြဘူး။ အဲ့ဒီလိုဆိုရင်တော့ လွှတ်တော်ထဲမှာက လွှတ်တော် အမတ်တွေက လက်ညိုးထောင် ခေါင်းငြိမ့်တဲ့ အဆင့်ပဲ ဖြစ်မယ်ဆိုရင်တော့ ဒီမီဒီယာလွတ်လပ်မှုက လမ်းကြောင်း က ပွင့်မှာမဟုတ်ဘူးပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရများနှင့် မီဒီယာကြား ပွတ်တိုက်မှုများ ရှိခဲ့သလို နားလည်မှု မတည် ဆောက်နိုင်ခဲ့ကြကြောင်း၊ အစိုးရနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်မည်ဆိုပါက တိုင်းပြည် အရွေ့တစ်ခုကို တည်တည်ငြိမ်ငြိမ်ဖြစ် ဖြတ်သန်းလာနိုင်ကြောင်း၊ အစိုးရနှင့် မီဒီယာကြား ပူးပေါင်းဆောင်ရွက် ရေး တိုးမြှင့်သင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများနှင့် မီဒီယာသမားများက ထောက်ပြကြသည်။
