CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၉

မကြာခင် ‌ပေါ်ပေါက်လာမည့် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ဒွန်တွဲပြီး ဟန်ချက်ညီညီ  ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ထောက်ပြလျက်ရှိသည်။

ရွေးကောက်ပွဲအလွန် တက်လာမည့် အရပ်သားအစိုးရသည် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း‌ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကိုသာ ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားညီညွတ်‌ရေးအစိုးရ အသွင်သဏ္ဍာန် မျိုး ဖွဲ့စည်းပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ‌ထောက်ပြကြသည်။   

တစ်ဖက်တွင်လည်း နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ် ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံ ရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာ အောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်သည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင် များက ထောက်ပြကြသည်။  

လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့စီးပွားရေး အဆင်မပြေမှု ဖြစ်နေသော ပြဿနာသည် စီးပွားရေးစနစ် တစ်ခုလုံးကို သေချာစွာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေသည့်အတွက် စီးပွားရေး အဆင်မပြေပါက အမြင်များ၊ အတွေးအခေါ်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။  

 NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်

၎င်းက “ဖြေရှင်းရင် ရနိုင်တယ်။ အဓိက,က (Conceptual Framework) ရှိဖို့လိုတာပေါ့။ ငြိမ်းချမ်းရေးမှာ တစ်ဖက် ကလည်း စီးပွားရေးတွေလည်း ပါတာပေါ့။ နောက်တစ်ခုက အမြင်တွေပါတာပေါ့။ အမြင်ဆိုတာက တိုင်းရင်းသား တွေရဲ့ ပြီးခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ် ၁၅ နှစ်က အမြင်နဲ့ အခုအမြင်နဲ့ကတော့ ဘာပဲပြောပြော အကြောင်းကြောင်းကြောင့် ပွင့်လာပြီပေါ့။ ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲအခါကျတော့ ဒီတိုင်းပြည်က စုစုစည်းစည်းနဲ့ သာယာဝပြောမှ သူတို့အတွက် အကျိုးစီးပွား ဖြစ်မယ်ဆိုတာကို နားလည်ဖို့လိုတာပေါ့။ ဒါနံပါတ် တစ်အချက်။ နံပါတ်နှစ်အချက်က သူတို့နားလည်အောင် ဒီဘက်က ဘယ်လို (Educate) လုပ်မလဲ အဲ့တာအရေးကြီးတယ်။ အဲဒီတော့ အစိုးရဆိုဒ်က လည်း ဒါကို ဘယ်လို ဖြစ်မလဲဆိုတဲ့ (Conceptual Framework) ကျကျနန ရှိရမှာပေါ့။ ဥပမာ သယံဇာတ ခွဲဝေတဲ့ ကိစ္စတွေ ပါလာမှာပေါ့။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် သင့်တော်တဲ့ အချိုးတစ်ခုဆိုတာကို သူက ခေါင်းထဲမှာ ယုံကြည်ဖို့ လိုတာပေါ့။ လောလောဆယ် အနေအထားအရ အဲဒါကြီးက တော်တော်လေး အရေးကြီး တာ‌ပေါ့။ နိုင်ငံရေးနဲ့စီးပွားရေးဆိုတာ ဒွန်တွဲနေတာကို။ ကျနော့် အတွေးအခေါ် တစ်ခုက အဲဒီအချိန်တုန်းကပေါ့ဗျာ အခုက အဲဒီအ‌တွေးအခေါ်တောင်မှ လုပ်လို့ရပါ့မလားမသိဘူး။ ဘာလဲဆိုတော့ (စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်) အဲ့တာလေးတွေကို တိုးတက်အောင် လုပ်လိုက်နိုင်ရင်တောင်မှ ဒီနေ့အချိန်မှာ စကားတွေ ပြောစရာ တော်တော် နည်းမှာလေ။ အဓိက,က ပြဿနာတစ်ခုက စီးပွားကလည်း မဖြစ်ခဲ့ဘူး။ တစ်ခုရှိတာပေါ့ နိုင်ငံရေးနဲ့ စီးပွားရေးကလည်း ဒွန်တွဲနေတဲ့ အခါကျတော့ စီးပွားရေး အဆင်မပြေလို့ရှိရင် အမြင်တွေ အတွေး အခေါ် တွေကလည်း တစ်မျိုးဖြစ်ကုန်တာလေ။ သီအိုရီ သဘောအရပြောရင် ပိုက်ဆံရှိမှ ပညာသင်လို့ရမှာလေ။ အဲ‌ဒီတော့မှ အဲဒီကလေးက ဦးနှောက်ကောင်းမှာလေ။ ပြီးတော့ ကျောင်းတန်းလန်းနဲ့ ထွက်သွားတာမျိုး မရှိမှာ လေ။ စီးပွားရေးကတော့ ကောင်းကိုကောင်းရမှာ။ ပြောချင်တဲ့ အဓိပ္ပာယ်က ရတဲ့နေရာ စလုပ်ပေါ့ဗျာ။ ဒါပေမယ့် စနစ်တော့ မှန်မှရမယ်။ ဗမာပြည် စီးပွား‌ရေးဆိုရင် တစ်နိုင်ငံလုံးရဲ့ Economy အားလုံးသည် ၇၀ ရာခိုင်နှုန်း လောက်က ရန်ကုန်တိုင်းမှာရှိတာ။ ဘယ်လိုလုပ်မလဲ ဒါကိုစဉ်းစားရမှာပေါ့” ဟု ပြောသည်။

အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာမှ ယုံကြည်မှု ပြန်လည်ရနိုင်ရန်အတွက် အစိုးရဖွဲ့စည်းသည့် အခါတွင် အားလုံးပါဝင်သည့် ညီညွတ်ရေးအစိုးရ ပုံသဏ္ဍာန်မျိုး ဖော်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြော သည်။ 

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်

၎င်းက “လက်ရှိနိုင်ငံရဲ့ ဖြစ်နေတဲ့ ပဋိပက္ခ‌တွေကြောင့်ပေါ့ဗျာ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လည်း တောက်လျှောက်လုပ်ဖို့ လိုအပ်တယ်။ ထို့ပြင်ကို စီးပွားရေး တည်ငြိမ်သွားဖို့ အတွက်ကိုလည်း အစိုးရ အသစ် အနေနဲ့က ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲ့တော့ political stability ရှိရမယ်။ Sanction ပြုတ်သွား အောင် ဦးစားပေး ကြိုးစားဖို့လိုတယ်။ စီးပွားရေး တည်ငြိမ်မှုရဖို့ဆို နိုင်ငံတကာ (Foreign Investment) ကိုလည်း ကျနော်တို့က ပြန်လည်မျှော်ကိုးရမှာ ဖြစ်သလို ပြည်တွင်း ထုတ်ကုန်တွေလည်း ဖွံ့ဖြိုးတိုးတက်အောင် ကျနော်တို့ လုပ်ဖို့လိုတယ်။ ကုန်ထုတ်ဖို့အတွက်ကို လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်က ကျနော်တို့နိုင်ငံမှာ မလုံလောက်ဘူး။ ကျနော်တို့နိုင်ငံကို ပြန်ပြီးတော့မှ အရာရာ ပြန်ဦးမော့လာအောင် ဆောင်ရွက်မယ်ဆိုရင် စွမ်းအင်ကဏ္ဍကိုလည်း ဖူလုံအောင် ကြိုးစားဖို့လိုတယ်။ စီးပွားရေးကလည်း Sanction ပြုတ်သွားမှ ကျနော်တို့နိုင်ငံက စီးပွားရေး ပြန် ကောင်းမယ်ပေါ့ဗျာ။ ပြန်ကောင်းမယ်ဆိုတာ အများမျှော်လင့်လို့ မရဘူး။ နေသာထိုင်သာ ပြန်ရှိမယ့် အနေအထား တစ်ခုကို ပြန်ဖြစ်မယ်။ အဲ့အတွက်ကြောင့် အစိုးရဖွဲ့စည်းတဲ့အခါမှာ ပိုပြီးတော့မှ နိုင်ငံတကာ လက်ခံတဲ့ အခင်း အကျင်း ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူ တိုင်းရင်းသား ခေါင်းဆောင်တွေကအစ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကအစ အမျိုးသားညီညွတ်ရေးအစိုးရ အားလုံးပါဝင်တဲ့ အစိုးရဖြစ်အောင် ဖော်ဆောင် ပြနိုင်တယ် ဆိုရင်တော့ နိုင်ငံရေး မယုံကြည်မှုတွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ပြန်လည်ရလာနိုင် တယ်” ဟု ပြောသည်။ 

လာမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သလို စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်။ 

သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်သလို လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြနေကြသည်။