CNI News

၂၀၂၆ ခုနှစ်၊ မတ် ၉

မြန်မာနိုင်ငံတွင် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းမည်ဆိုလျှင် မည်သည့်လမ်းကြောင်း၊ မည်သည့်နည်းလမ်းနှင့် အစပျိုး ဆောင်ရွက်သင့်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများကြား မေးခွန်းထုတ်လျက် ရှိသည်။

ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းမည်ဆိုပါက တပ်မတော်နှင့် အနိုင်ရပါတီများက ၂၀၀၈ ဘောင်ထဲက ဖြေရှင်းသင့်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လွှတ်တော်တွင် ကြိုးစား သွားရမည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိကတော့ ဒီဟာ တပ်မတော်နဲ့ လက်ရှိ ဒါအနိုင်ရပါတီ အနေနဲ့က သူတို့က မှတ်ပုံတင်ထားတဲ့ နိုင်ငံ‌ရေးပါတီတွေ အားလုံးက ၂၀၀၈ ဘောင်ထဲကပဲ ဖြေရှင်းဖို့ ကျနော်တို့က စဥ်းစားတာ ဖြစ်တယ်။ တစ်ဖက်က ကျတော့ ၂၀၀၈ ကို လုံးဝ ဖျက်သိမ်းပြီးတော့ အသစ်ရေးဆွဲရမယ်ဆိုတဲ့ ရှုထောင့်ကနေ ချဥ်းကပ်တာရှိတယ်။ အဲ့ဒီ တော့ နိုင်ငံရေးပါတီများ အနေနဲ့ကတော့ ၂၀၀၈ ကို ပြင်ဆင်တဲ့အခါမှာ လက်တွေ့ကျတဲ့၊ ပြီးတော့ အချိန်ကိုက် ဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းခဲ့တာတွေလည်း ရှိတယ်။ ညှိနှိုင်းနေဆဲတွေလည်း ရှိတယ်။ ဒါကြောင့် ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ နိုင်ဖို့အတွက်ကို လွှတ်တော်မှာ တစ်လှည့် ကြိုးစားသွား ရမယ်လို့ မြင်ပါတယ်။ ဟိုအခြေခံ အကျဆုံးက ပြောရလို့ရှိရင် ဒီတိုင်းရင်းသား လူမျိုးစုကိုအခြေခံတဲ့ ပြည်ထောင်စု ဖွဲ့စည့်ပုံနဲ့ ဒါဒေသကို အခြေခံတဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံဆိုပြီးတော့ ဒါပုံစံနှစ်မျိုးရှိတယ်။ နောက် တစ်ခုကတော့ အားလုံးကို တပြေးညီ စဥ်းစားတဲ့ အချိုးညီ ဖက်ဒရယ်ပုံစံနဲ့ အချိုးမညီ ဖက်ဒရယ်ပုံစံနဲ့ ရှိတယ်။ ဒါကြောင့် ဟို ဖက်ဒရယ်ဆိုတာ ပြောတာတော့ လွယ်တယ်၊ အဲ့ဒီတော့ အသေးစိတ် ဆွေးနွေးရမှာတွေကတော့ များတယ်။ ဒါကြောင့် အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ပုံစံဟာလည်း ဒါတိုင်းရင်းသား အခြေပြုတဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေ ရှိ တယ်။ ဒေသအခြေပြုတဲ့ ဒါ ကျနော်တို့ တိုင်းဒေသကြီး ဖွဲ့စည်းပုံရှိတယ်၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံ က စပြီးပြောရင် အများကြီးပြောရမယ်။ သို့သော် လက်တွေ့ကျတာက အဲ့ဒီပဋိပက္ခ ပြင်းထန်နေတဲ့ အချိန်မှာ တချို့ကိစ္စတွေမှာ ကျနော်တို့ ချက်ချင်း ဖြေရှင်းလို့ မရဘူး။ အဲ့ဒီတော့ တစ်ဖက်က တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရေး လမ်းကြောင်း ပြန်‌ရောက်လာဖို့အတွက်က အခုက ကျနော်တို့ အဓိက ကြိုးစားနေရတာဖြစ်တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို‌ တွေ့ရစဉ်

ဖက်ဒရယ်ပြဿနာသည် ၁၉၆၂ (သို့မဟုတ်) ၁၉၄၇ ပင်လုံစာချုပ် ကနေစပြီး ဖြစ်လာသည့် ကိစ္စဖြစ်ကြောင်း၊ အဓိက မိမိတို့ တိုင်းရင်းသားများ၊ ပြည်သူများအားလုံးက တည်ငြိမ်လုံခြုံသည့် အခြေအနေကို အရင်ဖန်တီးရမည် ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ဖက်ဒရယ်တပ်မတော်နှင့် ပတ်သက်ပြီး မည်သည့် နည်းလမ်းနှင့် သွားသင့်သည်ဆိုခြင်းထက် လက်တွေ့မြေပြင် တွင် သဘောထား မည်သို့ရှိသလဲ၊ မည်သို့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုသည့်အပေါ်  မူတည်ပြီး အလုပ်လုပ်ကြမည် ဆိုလျှင် အဖြေထွက်ပါလိမ့်မည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖက်ဒရယ်တပ်မတော်ဆိုတာ အခုဟာက တပ်မတော်ဆိုတဲ့ ပုံစံမျိုးအောက်မှာ ဘာတွေပါသင့်လဲ၊ ဘယ်လို သွားမလဲဆိုတာ အဲ့ဒါတွေ အရင်ဆုံး ရှင်းလင်းဖို့ လိုတယ်။ ဘယ်လိုနည်းလမ်းနဲ့ သွားသင့်တယ်ဆိုတာ ထက် အခုဟာက အဲ့ဒီလိုဖွဲ့ခဲ့မယ်လို့ ဆိုကြပါစို့ အဲ့ဒီခေါင်းစဥ် တယ်လာလို့ရှိရင် ပါတဲ့သူတွေက ဘယ်လို ဖြစ်ချင် တယ်၊ ဘာဖြစ်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ သဘောထားဆန္ဒတွေ၊ သူတို့ပြောတဲ့ မှတ်ချက်တွေ၊ ဖြစ်ချင်တဲ့ ဟာတွေရှိ အုံမှာလေ။ ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုပါသင့်တယ် ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံမျိုးနဲ့ သွားတာ တော့ ပိုကောင်းတယ်။ အဲ့ဒီတော့ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ပုံစံမျိုးကို သွားဖို့အတွက် လက်ရှိ တပ်မတော် ဘက်ကရော၊ တခြား NCA ထိုးပြီးတော့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်မယ့် အဖွဲ့တွေကြားထဲရော သူတို့ ဘာတွေ အဲ့ဒါအတွက် ပြင်ဆင်ထားလဲပေါ့။ အဲ့ဒီဟာ အဲ့ဒီအချက်က အရေးကြီးတယ်။ အဲ့ဒီပေါ်မှာပဲ မူတည်ပြီး သွားရမှာ။ ဘာတွေ ပါသင့်တယ် မပါသင့်ဘူးဆိုတာက လက်တွေ့ ပါဝင်ပြီး ဆောင်ရွက်မယ့်လူတွေ ကိုယ်တိုင်က သဘောတူညီတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြတာ ပိုကောင်းပါလိမ့်မယ်။ အဲ့ဒီတော့ လက်တွေ့ မြေပြင်မှာ ဘယ်သူတွေ ဘယ်လို ဒါနဲ့ပတ်သက်ပြီး သဘောထားရှိကြလဲ၊ ဘယ်လိုလုပ်ချင်ကြလဲ၊ အဲ့ဒီလို ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဒီလိုအချက်အလက်တွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြမယ်ဆို အကောင်းဆုံး အဖြေ ထွက်ပါလိမ့်မယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို‌ တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တပ်မတော်က လက်နက်ကိုင်များကို နယ်ခြားစောင့်တပ်ဖွဲ့(BGF) သို့မဟုတ် ပြည်သူ့စစ်(ပသစ) အဖြစ် အသွင်ပြောင်း ဖွဲ့စည်း၍ တပ်မတော်နှင့်ပူးပေါင်းရန်၊ ထိုမှတဆင့် နိုင်ငံရေးပါတီ ထူထောင်၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် သဘောထားရပ်တည်လျက်ရှိသည်။

တခြား တစ်ဖက်မှာတော့ လက်နက်ကိုင်အဖွဲ့အစည်းများက အမျိုးသားအစောင့်တပ်ဖွဲ့ (သို့မဟုတ်) ပြည်နယ် အစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီးနောက် ယုံကြည်မှုတည်ဆောက်၍ ဗဟိုရှိ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တဆင့်ချင်း ဖက်ဒရယ်တပ်မတော်အဖြစ် အသွင်ပြောင်းရန် သဘောထား ရပ်တည်လျက်ရှိသည်။

လက်ရှိ မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ တည်ရှိနေသလို ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီ နောက်ပိုင်း မှ နိုင်ငံရေး အခင်းအကျင်းအရ ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့အစည်း ရာနှင့်ချီ ရှိနေသောကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ရန် ခက်ခဲနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှု များလည်း ရှိနေသည်။