CNI News

၂၀၂၅ ခုနှစ်၊ မတ် ၂၈

မြန်မာ့တပ်မတော်ကို နိုင်ငံရေးကထွက်ခွာရေး တောင်းဆိုနေမည့်အစား မည်သို့အပေးအယူ လုပ်သင့်ကြောင်းကို စဉ်းစားသင့်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

အကယ်၍ မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံရေးမှ ထွက်မည်ဆိုလျှင် ငြိမ်းချမ်ရေးဆွေးနွေးပွဲများ လုပ်ရန်လို ကြောင်း၊ ငြိမ်းချမ်း‌ရေး ဆွေးနွေးပွဲနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကာ ဖက်ဒရယ် ဒီမိုကရက်တစ် Constitution တစ်ရပ်အား ရေးဆွဲရမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် တိုင်းရင်းသားပြည်သူများ လိုလားသည့် Constitution တစ်ရပ်အား ‌ရေးဆွဲပြီးပါက ၎င်း Constitution ၏ အောက်တွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (Security Sector Reform) အား လုပ်ဆောင်‌‌ပေးရမည်ဟု ၎င်းက ပြောသည်။

 ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ်(ဓာတ်ပုံ-ပေါ်ပြူလာ)

နိုင်မွန်ဆိုင်းက “တကယ်လို့ စစ်တပ်က တကယ်ပဲ နိုင်ငံရေးက ထွက်တယ်ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်၊ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ပြီးတော့ ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် Constitution တစ်ရပ်ကို ဆွဲရမယ်၊ အဲဒီ Constitution ရဲ့အောက်မှာ Security Sector Reform ပေါ့နော် အဲဒါတွေကို ကျနော်တို့ လုပ်‌‌ပေးရမှာ ဖြစ်ပါတယ်။ အဲဒါတွေ သေချာလုပ်ပြီးမှသာလျှင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ရရှိပြီးတော့မှ နိုင်ငံရေး ကဏ္ဍနဲ့ ကာကွယ်ရေးကဏ္ဍကို သီးခြား ပိုင်းဖြတ်နိုင်ပြီးတော့မှ သူ့ရဲ့ power နဲ့ပေါ့နော် ဒါကို ရှိနေမှာ ဖြစ်ပါတယ်၊ နောက်ပြီးတော့ အချုပ်ကတော့ ဘယ်စစ်တပ်မဆိုပေါ့နော်၊ ဘယ်စစ်တပ်မဆို တပ်မတော်ပဲပြောပြော တော်လှန် ရေးတပ်ပဲပြောပြော အားလုံးကတော့ နိုင်ငံရေး ဦးဆောင်မှု၊ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ရှိရမယ်၊ ဖက်ဒရယ် ပြည်ထောင်စု အစိုးရရဲ့အောက်ဖြစ်ဖြစ်၊ ပြည်နယ်အစိုးရရဲ့ အောက်ဖြစ်ဖြစ် ရှိနေရမယ်၊ ပြည်နယ်အစိုးရအပေါ်မှာ ရှိနေလို့ မရဘူး၊ ဥပဒေအပေါ်မှာ ရှိနေလို့လည်း မရဘူးပေါ့နော်” ဟု ပြောသည်။ 

နစကနှင့် မြန်မာ့တပ်မတော်အနေဖြင့် မည်သည့် ကန့်သတ်ချက်မှ မရှိကြောင်း၊ ကျန်သည့် အဖွဲ့အစည်းများက တော့ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ရန်၊ တပ်မတော် ဖျက်သိမ်းရန်၊ ယာယီအစိုးရဖွဲ့ရန် စသည့် ကန့်သတ် ချက်များရှိနေကြောင်း၊ ထိုကန့်သတ်ချက်များရှိမှသာ လာရောက်ဆွေးနွေးမည်ဆိုသော မဖြစ်နိုင်သည့် တောင်းဆို မှုများရှိနေကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် ထိုကဲ့သို့ တောင်းဆိုမှုများကိုလည်း လက်ခံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာ့တပ်မတော်သည် နိုင်ငံရေးက ထွက်မည်ဆိုပါက လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးအနေဖြင့် လက်နက်စွန့်ကာ နိုင်ငံရေးလမ်းကြောင်းကို လာမည်ဆိုသည့် အာမခံချက်ရှိလားဟု မေးခွန်းထုတ်စရာရှိနေ ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြိုတင်ကန့်သတ်ချက်ရမှ ဆွေးနွေးမယ်ဆိုရင်တော့ ဆွေးနွေးပွဲဖြစ်ဖို့ အလားအလာ သိပ်မရှိဘူး၊ အဲတော့ ကျနော်တို့က လတ်တလော အခြေအနေမှာတော့ ရှိနေတဲ့ ပကတိ အခြေအနေကို လက်ခံပြီးမှပဲ ဆွေးနွေးပွဲ စပြီး တော့ ဖြစ်နိုင်တယ်၊ အောင်မြင်နိုင်တယ်လို့ မြင်ပါတယ်၊ အဲတော့ စစ်တပ်နိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ကိစ္စက မူ အားဖြင့် ကျနော်တို့လည်း သဘောကျတယ်၊ အဲတော့ တချိန်တည်းမှာပဲ စစ်တပ်က နိုင်ငံရေးက ထွက်မယ်ဆိုရင် အခုရှိနေတဲ့ လက်နက်ကိုင်တွေ အားလုံးပေါ့၊ လက်နက်ကိုင် ပဋိပက္ခမှာ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကရော လက်နက်တွေ စွန့်မလား၊ လက်နက်တွေ အားလုံးကို စွန့်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းကို လာမယ်လို့ ဘယ်သူက အာမခံမလဲလို့ ကျနော်က ပြန်ပြီးတော့ မေးရပါလိမ့်မယ်၊ ဆိုတော့ ဒါကြောင့်မို့လို့ စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်ဆိုတာ တစ်ခုထဲကို ဆုပ်ကိုင်ထားပြီးတော့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ မြင်ပါ တယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ အပါအဝင် အတိုက်အခံ အင်အားစုများသည် မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံ‌ရေးမှ ထွက်ရန်၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေရန် စသည့် အချက်များအား လက်ခံမှသာ ဆွေးနွေးနိုင်မည်ဟု ပြောကြားထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် အာဏာရရှိရေး ကြိုးပမ်းနေပြီး စစ်ဘုရင်ဝါဒကို ကျင့်သုံး နေကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ဖြင့် အကျပ်ကိုင်၍ တောင်းဆိုမှုတိုင်းကို အလျှော့ပေးလက်ခံ သည့် အစဉ်အလာ မြန်မာ့တပ်မတော်မှာ မရှိခဲ့ကြောင်း၊ ထို့ကြောင့် စစ်ဆက်တိုက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် တပ်မတော်နေ့မှာ ပြောကြားခဲ့သည်။