CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈

မြန်မာ့သမိုင်းမှာ အကြမ်းဖက် လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်းမှာ တပ်မတော် အနေဖြင့် အလျှော့ပေးလက်ခံခဲ့သော အစဉ်အလာမရှိ၍ တရားသောစစ်ကို ဆက်တိုက်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားမှာ မိန့်ခွန်း ပြောစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို လက်မခံနိုင် သလို ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်တွေကိုလည်း လုံးဝ လက်သင့်ခံ လို့ မရတဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက် လက် ဆင်နွှဲသွားမှာ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ အကြမ်းဖက် လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာ မရှိတာကြောင့် ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့  အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် အရာရှိကြီးများကို တွေ့ရစဉ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့သည် နိုင်ငံအတွင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို အခွင့် ကောင်းယူပြီး PDF များဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းရေး ပျက်ပြားအောင် နည်းလမ်းပေါင်းစုံနှင့် လုပ်ဆောင်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်ထားသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ ရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် အရာရှိကြီးများကို တွေ့ရစဉ်

အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ၃ သန်းကျော်ရှိလာပြီး နေအိမ်၊ အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီး လောင်ပျက်စီးထားသလို ပညာရေး အဆောက်အအုံများလည်း ပျက်စီးထားသည်။

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော လက်နက်ကိုင်များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဖြစ်သည်။

အဆိုပါ လက်နက်ကိုင် အင်အားစုများသည် နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသလို တချို့က သီးခြားလွတ်လပ်ရေး အပါအဝင် ကွန်ဖက်ဒရေးရှင်းအဆင့် ရရှိရေး၊ အထူးဒေသအဖြစ် သတ်မှတ်ပေး ရေး၊ ပလောင်ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရေး စသဖြင့် မတူညီသော တောင်းဆိုမှုများဖြင့် ရပ်တည်လျက်ရှိ သည်။