CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာကြခြင်းသည် မြေပြင်တွင် ခိုင်မာမှုမရှိနိုင်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
အပစ်ရပ်သည့် အခါတွင် တစ်ဖက်သတ် အပစ်ရပ်ကြခြင်းသည် ခိုင်မာမှု မရှိကြောင်း၊ နှစ်ဖက်သဘောတူ လက်မှတ်ထိုး၍ အပစ်ရပ်ခြင်းနှင့် တတိယအင်အားစုပါဝင်သည့် အပစ်ရပ် လက်မှတ်ထိုးခြင်းတို့က ပို၍ ခိုင်မာ ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အပစ်မရပ်ခင်တည်းက တိုင်းရင်းသား လက်နက်ကိုင်တွေထဲက တချို့မြောက်ပိုင်းဆိုရင် ရပ်ပြီးသားပါ။ တောင်ပိုင်းနဲ့ အလယ်ပိုင်းတော့ မရပ်ပါဘူး။ အထူးသဖြင့်တော့ အလယ်ပိုင်းမှာရှိတဲ့ PDF အင်အား စုတွေ၊ NUG အင်အားစုတွေ၊ ရခိုင်အင်အားစုတွေ ဒီအဖွဲ့တွေကတော့ အပစ်ရပ်တာ မတွေ့ပါဘူး။ သူတို့လှုပ်ရှားမှု မူလအတိုင်းပဲ ဆက်သွားနေတာရှိပါတယ်။ အဲဒါကြောင့် ဒီလိုအပစ်ရပ်လိုမျိုးက unilateral တစ်ဖက်သတ် အပစ်ရပ်တာမျိုးရှိတယ်၊ တချို့ကလည်း bilateral ပေါ့ နှစ်ဖက်သဘောတူ လက်မှတ်ထိုးပြီးတော့ ရပ်တာရှိ တယ်။ နှစ်ဖက်သဘောတူ လက်မှတ်ထိုးပြီးရပ်တာတော့ နည်းနည်းလေး ပိုခိုင်တယ်။ သို့သော်လည်းပဲ နှစ်ဖက် သဘောတူမှ တတိယအင်အားစုလို့ခေါ်တဲ့ သက်သေနိုင်ငံတွေ ကြားအင်အားစုတွေပါပြီးတော့ သက်သေခံပေးပြီး အပစ်ရပ်တာ မှန်ပါတယ်လို့ ဝင်ထိုင်ပေးတဲ့ သူရှိရင်တော့ တတိယအင်အားစုပါတဲ့ အပစ်ရပ်ကတော့ ပိုပြီးတော့ ခိုင်မာတယ်။ bilateral ပိုခိုင်တယ်။ တတိယအင်အားစုပါရင် ပိုပြီးတော့ခိုင်တယ်။ အပြန်အလှန် unilateral ပေါ့ ကိုယ့်သဘောနဲ့ကိုယ် တစ်ဖွဲ့ချင်းရပ်တာတွေကတော့ အမြတ်ထုတ်ကြတာပါပဲ” ဟု ပြောသည်။
NUG နဲ့ KIA ခေါင်းဆောင်များကိုတွေ့ရစဉ်
ငလျင်ဒဏ် ထိခိုက်ခံစားနေရခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA)တို့ကလည်း ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ယာယီအပစ် အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာထားသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယာယီ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ဧပြီလကို အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည်။
အပစ်ရပ်ကြောင်း ထုတ်ပြန်ထားကြသော်လည်း လာရောက် ထိပါးလာပါက အရေးယူ တုန့်ပြန်မှုနှင့် ခုခံစစ်ဖြင့် ပြန်လည်တုန့်ပြန် သွားကြမည်ဟုလည်း ပါရှိသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်ရပ်ထားသော်လည်း မြေပြင်၌ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်သည်ဟု နှစ်ဖက် အပြန်အလှန် ပြောဆို နေမှုများ ရှိနေသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက “အပစ်ရပ်တဲ့အထဲမှာ နစကဘက်က ကြေညာတဲ့အထဲမှာ ရှင်းရှင်းလင်းလင်း လုပ်ထားပြီးသား။ ဘယ်အချက်အလက်တွေကိုတော့ မလုပ်ရဘူး။ ဘာတွေကို ထိပါးရင်တော့ ဘယ်လိုတုန့်ပြန်မယ်ဆိုတာ။ အဲဒီ အချက်အလက်တွေနဲ့ ပတ်သက်လို့ မြေပြင်က အဖွဲ့တွေက ဘယ်လိုထိပါးသလဲ။ သွားထိပါးတဲ့လူတွေ ကိုယ်တိုင် သိပါလိမ့်မယ်။ ထိပါးမှုရှိလို့ လုပ်တာပေါ့။ အရင်တုန်းကဆိုရင်တော့ သတင်းအရ မျက်မြင်သက်သေတွေ မရှိတဲ့အခါ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုပြီးတော့ရှိတယ်။ အခုကတော့ ဘာပဲပြောပြော ဘယ်သူက ဘယ်နေရာမှာသွားလုပ်လို့ ဘာပြန်လုပ်ခံရတယ် ဆိုတာ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေ သိကြပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
ငလျင်ဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများ ဆက်လက် လုပ်ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ကလည်း နစကကို တိုက်တွန်းထားသည်။
အာဆီယံနိုင်ငံများထဲမှ အထူးသဖြင့် မလေးရှားနိုင်ငံသည် နစက အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလထက် သက်တမ်းတိုးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။
KIA နှင့် NUG တို့သည် အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက်လိုက်ကြောင်း ကြေညာလာခဲ့သည်။
အလားတူ မြန်မာ့တပ်မတော်ကလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။