CNI International News

ဘန်ကောက်၊ မတ်လ ၂၈

ထိုင်းနိုင်ငံတွင် မေလ ၁ ရက်မှစပြီး နိုင်ငံတစ်ဝန်း အနိမ့်ဆုံး တစ်ရက်လုပ်ခကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးသွား မည်ဟု အလုပ်သမားရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန်း (Phiphat Ratchakitprakarn)က ကတိပြုခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မတ်လ ၂၆ ရက်က လွှတ်တော်တွင်း စကားစစ်ထိုးပွဲအတွင်း အတိုက်အခံ ပြည်သူ့ပါတီ လွှတ်တော်အမတ် သီရိကန်ယာ တန်ဆာကူလ် (Sirikanya Tansakul) က  ဖြူးထိုင်းပါတီသည် ၂၀၂၃ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ကတိပြုထားသည့် အနိမ့်ဆုံး တရက်လုပ်အားခ ဘတ် ၄၀၀ မြှင့်တင်ရေးကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။

“အဲဒီကတိက နိုင်ငံရေး အကျိုးအမြတ်အတွက် လူထုကို လိမ်ညာခဲ့တာ ဖြစ်ပါတယ်” ဟု သီရိကန်ယာက ပြော သည်။

ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) ၏ အစိုးရအဖွဲ့ စတင် တာဝန်ထမ်းဆောင်ချိန်မှစပြီး စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းမှုသည် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း မစ္စ သီရိကန်ယာက ပြောကြားခဲ့ သည်။

အတိုက်အခံ ပြည်သူ့ပါတီ လွှတ်တော်အမတ် သီရိကန်ယာ တန်ဆာကူလ်ကို တွေ့ရစဉ်

 ထို့နောက် လုပ်ငန်းသစ်များ မှတ်ပုံတင်ခြင်းသည် ၄ ရာခိုင်နှုန်းသာ မြင့်တက်လာခဲ့သည် ၎င်းက ပြောသည်။

အလုပ်သမား အများအပြားသည် လျော်ကြေး အနည်းငယ်ဖြင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ရကြောင်းလည်း မစ္စ သီရိကန်ယာက ဆက်လက် ပြောကြားသည်။

မေလ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့အတွက် နိုင်ငံလုံးဆိုင်ရာ လုပ်ခလစာ ညှိနှိုင်းရေးအတွက် နောက်တဆင့်ကို ဆုံးဖြတ်ရန် အမျိုးသားလုပ်အားခကော်မတီသည် ဆောင်ခရမ် (Songkran) ရေကစားပွဲတော် မတိုင်မီ တွေ့ဆုံမည်ဖြစ်ကြောင်း မစ္စတာ ဖီဖတ်က မတ် ၂၆ ရက်တွင် တုန့်ပြန်ပြောကြားခဲ့သည်။

တစ်ရက်လျှင် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးမည့် အစီအစဉ်ကို ဖူးခက် (Phuket) ၊ ချောင်ဘူရီ (Chon Buri) ၊ ရာယောင်း (Rayong) ၊ ချာချောင်ဆာအို (Chachoengsao) နှင့် ခိုစမူအီ (Koh Samui) တို့တွင် ယခုနှစ် အစောပိုင်း၌ စတင် အကောင်အထည်ဖော်ခဲ့သည်။

အခြားနေရာများတွင် ပြည်နယ်အလိုက် ၃၃၇ ဘတ်မှ ၃၈၀ ဘတ်အထိ နေ့စားလုပ်အားခ နှုန်းထားများ သတ်မှတ် ထားသည်။

အလုပ်သမားရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန်းကို တွေ့ရစဉ်

အလုပ်ရှင်များကမူ နိုင်ငံတစ်ဝှမ်း စီးပွားရေးအခြေအနေ ကွာခြားမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိမ့်ဆုံး နေ့စားလုပ်အားခကို နှုန်းထားတစ်ခုတည်းဖြင့် သတ်မှတ်ထားခြင်းသည် လက်တွေ့မကျကြောင်း စောဒကတက်ခဲ့ကြသည်။

လုပ်အားခ အပြောင်းအလဲကြောင့် ထိုင်းစီးပွားရေး၏ ကျောရိုးဖြစ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ(SME)ကဏ္ဍရှိ အလုပ်သမား ၅ ဒသမ ၈ သန်းနှင့် အလုပ်ရှင် ၅၀၀,၀၀၀ ကို သက်ရောက် စေလိမ့် မည်ဖြစ်ကြောင်း မစ္စတာဖီဖတ်က ပြောသည်။

အခြေခံလုပ်ခလစာ တိုးမြင့်ခြင်းသည် အသေးစား လုပ်ငန်းများအတွက် ဝန်ပိစေနိုင်သည်ကို သိရှိနားလည် ထားကြောင်း၊ ထို့ကြောင့် အစိုးရသည် လုပ်ငန်းများ ထိခိုက်မှုကို လျှော့ချရန် နည်းလမ်းများ ရှာဖွေနေကြောင်း ဖီဖတ်က ပြောကြားခဲ့သည်။

အစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် နှုန်းထားဖြစ်သည့် ၃ ရာခိုင်နှုန်းကို ထည့်သွင်းစဉ်းစား ရမည်ဖြစ်ပြီး ရလဒ်အနေဖြင့် အချို့လုပ်ငန်းများသည် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် မတူကွဲပြားသည့် လုပ်ခလစာများအား သတ်မှတ်ဖွယ်ရှိကြောင်း မစ္စတာဖီဖတ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်