CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆

မလေးရှားဘက်ရှိ တရားမဝင်အေဂျင်စီများမှ အလုပ်ခေါ်စာအတုများကို လိမ်လည်ရောင်းချမှုများ ရှိလာသည့် အတွက် ပြည်တွင်းမှ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်များအနေဖြင့် အထူးသတိထားကြရန် လိုအပ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ CNI သတင်းဌာနသို့ ပြောသည်။

လိုင်စင်ရအေဂျင်စီများမှ တင်ပြလာသည့် Demand Letter ၌ KSM Approval ပါ လူဦးရေမှာ များပြားလွန်းသဖြင့် မလေးရှားမှ တာဝန်ရှိသူတစ်ဦးအား စုံစမ်းခိုင်းရာတွင် အတုဖြစ်နေကြောင်း၊ မလေးရှားရှိ တရားမဝင်အေဂျင်စီ ပွဲစားများက Quota (ခွဲတမ်း)အတုများ ပြုလုပ်ပြီး မြန်မာ၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေရှ် အေဂျင်စီများထံ Demand လိမ်ရောင်းစားနေကြောင်း Safe Migration က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အလိမ်ခံရသည့် လိုင်စင်ရ အေဂျင်စီများတွင် အေဂျင်စီအသစ်များကိုသာ တွေ့ရကြောင်း MOEAF မှ မလေးရှားလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်မင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု

“သူက လူလူချင်း ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အလိမ်ခံနေရတာ အခုဖြစ်နေတဲ့ ပြဿနာတွေက။ ကျနော် တို့ဘက်မှာ တရားဝင်အေဂျင်စီရှိတယ်။ သူတို့ဘက်မှ တရားဝင်အေဂျင်စီရှိတယ်။ အဲဒီကိုသွားပြီးတော့ လူ ကိုယ်တိုင်သော်လည်းကောင်း သူတို့ရဲ့ permanent address တွေ email တွေ တယ်လီဖုန်းတွေက ဆက်သွယ်ပြီး အလိမ်ခံရတယ်လို့တော့ တစ်ယောက်မှ မတွေ့သေးဘူး။ အလုပ်ခေါ်စာရှာတဲ့လူတွေပေါ့လေ အဓိကကတော့။ သက်ဆိုင်ရာအေဂျင်စီက တာဝန်ပေးထားတဲ့ အလုပ်ခေါ်စာရှာတဲ့လူတွေရဲ့ ပေါ့ဆမှုလို့ပဲ ပြောလို့ရမယ်။ တရားဝင် လိုင်စင် C holder တွေရှိတယ် သူတို့မှာ။ ပြည်ပလုပ်သားခေါ်ယူခွင့်ရှိတဲ့ အေဂျင်စီတွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သာ ချိတ်ဆက်လုပ်။ အလုပ်ရှင်ကို တိုက်ရိုက်ချိတ်ဆက်လုပ် အဲဒီနှစ်ခုကသာ အာမခံချက်ရှိတာ။ ဒီ immigration website တွေထဲ ဝင်စစ်လို့လည်း ရပါတယ်။ နောက်တစ်ခုက ငွေသွင်းထား၊ မသွင်းထားတို့။ သံအရာရှိတွေ ဆိုလည်း ဒီလိုပဲ စစ်ဆေးတာပဲဟာ။ သူတို့ပြောတဲ့ KDN, KSM အတုလုပ်တယ်ဆိုတာက ကွန်ပျူတာ generated paper ကို အတုလုပ်ပြီးပြတယ်။ ဒါမှမဟုတ် signature ထိုးပြီးသားဟာကို Photoshop နဲ့ပြတယ်။ ဒါအရမ်း သာမန် ကွန်ပျူတာကိုင်တောင် လုပ်လို့ရတဲ့ ပုံပဲ။ ပေါပေါပဲပဲ လိမ်သွားတဲ့ဟာမျိုး” ဟု  ၎င်းက ပြောသည်။ 

အလိမ်ခံရသူများထဲတွင်  ၁၉၉၉ ဥပဒေပြဋ္ဌာန်း လိုင်စင်ရ ပထမဆုံးအေဂျင်စီများ၊ လုပ်သက် ၁၀ နှစ် အထက်ရှိသည့် အေဂျင်စီများ မပါဝင်ဘဲ ယခုမှ အသစ်ရထားသူများသာဖြစ်ကာ လုပ်ငန်းသဘောသဘာဝအား နားမလည်မှု မကျွမ်းကျင်မှုများကြောင့်ဟု ဦးဇော်မင်းမင်းက ဆက်ပြောသည်။

ထိုအခြေအနေများ‌ကြောင့် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာရပါက ခေါ်ယူမည့်အလုပ်ရှင်ထံ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ပါက အ‌ကောင်းဆုံးဖြစ်ကြောင်းလည်း အကြံပြုကြသည်။

MOEAF ဆိုင်းဘုတ်

လုပ်သားစျေးကွက်အပေါ်မူတည်ကာ အမြတ်ထုတ် လိမ်စားသူများသည် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှာ ပါ ရှိလာပြီဖြစ်သောကြောင့်  အေဂျင်စီများအနေဖြင့် သတိထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း Safe Migration က သတိပေးထားသည်။

ပြည်ပအေဂျင်စီပွဲစားထံတွင် အလိမ်ခံရသည့် မြန်မာအေဂျင်စီများအနေဖြင့် အလုပ်သမားများထံမှ ဝန်ဆောင်ခ ကြိုတင်ကောက်ယူထားပြီးသော်လည်း ပြန်လည်ပေးဆောင်ခြင်းမရှိသဖြင့် တိုင်ကြားခံရပါက လိုင်စင်ပိတ်ခံရ မည်ဖြစ်ကြောင်း၊  အပြစ်နှင့် ပိတ်ခံရသောအေဂျင်စီအနေဖြင့် အပ်ထားသည့် ငွေများလည်း ဆုံးရှုံးနိုင်ကြောင်း Safe Migration က ထုတ်ပြန်ထားသည်။

မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က “calling ခေါ်စာတွေ ရမယ်ဆိုပြီး တော့ ငွေတွေကို သူတို့က ကြိုတင်ယူပြီးတော့မှ calling ခေါ်စာတွေ ပိတ်သွားတယ်တို့ အဲဒီလိုမျိုးလုပ်လိုက်တဲ့  အတွက် ပိုက်ဆံတွေ ဒီဘက်မှာ နည်းနည်းလေး jam ဖြစ်သွားတယ်ပေါ့။ ပိုက်ဆံတွေ ဒီဘက်မှာ လွန်ထားတဲ့ အတွက် ၃ ပုံ ၂ ပုံလောက်ပြန်ရတယ် ၁ ပုံလောက် ပြန်မရဘူး ကျနော်တို့ ကြားသိတာတော့။ အေဂျင်စီ တော်တော် များများ ထိထားတာ ကျနော်ကြားတယ်။ အေဂျင်စီတွေအနေနဲ့ကတော့ အများစုတွေ့ရတာကတော့ သူတို့ Blacklist ဖြစ်ရင် ဖြစ်ပလေ့စေ အလုပ်သမား တွေ ပိုက်ဆံကို ပြန်မပေးတာ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အေဂျင်စီအသစ်တွေလေ။ အခုမှအသစ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ကျောထောက်နောက်ခံ မရှိတဲ့ အတွက် ဒီပိုက်ဆံကို ပြန်လျော်မှာ မဟုတ်ဘူး။ သူတို့ကုမ္ပဏီပဲ Blacklist အထိခံပြီးတော့ပဲ ဒီကလေးတွေရဲ့ ပိုက်ဆံကို ယူသွားမှာ။ အများစုကတော့ ဒီလိုပဲဖြေရှင်းသွားဖို့ ကျနော်တွေ့နေတာပေါ့ လက်ရှိ” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံဘက်၌ စီးပွားရေးကျဆင်းနေသည့်အတွက် မြန်မာလုပ်သားများသာမက အခြား နိုင်ငံများမှ လုပ်သားခေါ်ယူခြင်းများမှာလည်း နည်းပါးလျက်ရှိကြောင်း၊ လုပ်သားခေါ်ယူရာတွင်လည်း လူဦးရေ အနည်းငယ်သာ ခေါ်ယူကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ သိရသည်။