CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသွားဝင်ရောက်မှုသည် ယခင်လများနှင့် နှိုင်းယှဉ်ပါက ယခု နိုဝင်ဘာလဆန်း တန်ဆောင်တိုင် ပိတ်ရက်တွင် ပြန်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းသည် ခရီးသွားကဏ္ဍ ပြန်လည်အားယူနေသည့် လက်ရှိ ကာလအတွက် အရှိန်ကောင်း တစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်ပခရီးသည်တွေ ဝင်ရောက်မှုက နိုဝင်ဘာလဆန်းမှာ ပြန်ပြီးတက်လာတယ် ပြောလို့ရတယ်။ ပြည်တွင်းက ခရီးစဉ်တွေနဲ့ package tour တွေနဲ့ စီစဉ်မှုလေးတွေ နည်းနည်းပြန်ပြီး ဝင်ရောက်လာပါတယ်။ အများကြီးတော့ အရင်ကလို အုပ်စုလိုက်ကြီးတွေ လာရောက်မှုမျိုးတော့ မရှိပေမယ့် ဝင်ရောက်မှုတွေ ပြန်ဖြစ် လာပါတယ်။ နောက်တစ်ခါ ထိုင်းနိုင်ငံက ခရီးသည်တချို့လည်း ပြန်ပြီး အိမ်နီးချင်းပေါ့။ အာဆီယံရော၊ ထိုင်းနိုင်ငံ ရော အုပ်စု အသေးလေးတွေလည်း ပြန်လည် ဝင်ရောက်လာတဲ့အတွက် ပြည်ပ ခရီးသွားတွေ ဝင်ရောက်မှုက နည်းနည်း ပိုပြီးတော့ အဆင်ပြေလာတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ အောက်တိုဘာလတွေမှာ သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ ပြည်တွင်း ခရီးသွားတွေ တောက်လျှောက်တက်ခဲ့တယ်။ ဒါပေမယ့် ပြည်တွင်းကို ဝင်လာတဲ့ ပြည်ပခရီးသွားတွေက နိုင်ငံခြားသား Tourist တွေ ဝင်ရောက်မှုကတော့ အောက်တိုဘာ လမှာ နည်းခဲ့တယ်။ လဆန်းပိုင်းလောက်မှာ ထိုင်းနိုင်ငံက တက်လိုက်တယ်။ နောက်ပိုင်းမှာ လအလယ်လောက်မှာ ပြန်ကျသွားပြီးတော့ အောက်တိုဘာလအတွင်းမှာ ခရီးသည်ဝင်ရောက်မှု တော်တော်လေး နည်းသွားတယ်။ အခု ဒီလထဲမှာတော့ ပြည်တွင်း ခရီးသွားတွေလည်း များတယ်။ ပြည်ပခရီးသွား ဝင်ရောက်မှုတွေလည်း မြင့်တက်လာတယ်ပေါ့။ ခရီး သွား ကုမ္ပဏီအချို့မှာလည်း ခရီးစဉ်တွေ ရောင်းချမှုတွေ၊ ပြည်ပခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ package tour ရောင်းချမှုတွေကလည်း မြင့်တက်လာပါတယ်။ ပြည်ပ ခရီးသွား ဝင်ရောက်မှု မြင့်တက်လာတာ ကတော့ အသေအချာပါပဲ” ဟု ပြောသည်။

ပြင်ဦးလွင် ပိတ်ချင်းမြောင်တွင် ခရီးသွားများကိုတွေ့ရစဉ်

လက်ရှိ ဝင်ရောက်လာသည့် ပြည်ပခရီးသွားများထဲတွင် အနောက်နိုင်ငံများမှ ခရီးသွားများထက် အိမ်နီးချင်းနိုင်ငံ များက လာရောက်မှု များပြားကြောင်း၊ ထိုအထဲတွင် ထိုင်းနိုင်ငံမှ ခရီးသွား ပိုများကြောင်း သိရသည်။

တန်ဆောင်တိုင်(နိုဝင်ဘာလ) ပိတ်ရက်သည် ပြီးခဲ့သည့် သီတင်းကျွတ် ပိတ်ရက်များနှင့် နှိုင်းယှဉ်ပါက ပြည်ပ ခရီးသွား မြင့်တက် လာသကဲ့သို့ ပြည်တွင်း ခရီးသွားများလည်း ပိုမိုများပြားလာကြောင်း သိရသည်။

ယခု နိုဝင်ဘာလဆန်း တန်ဆောင်တိုင် ပိတ်ရက်တွင် ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တက်လာသော်လည်း ယခင်လများနှင့်နှိုင်းယှဉ်ပါက ရာဂဏန်းခန့်သာ တိုးလာခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ရှမ်းပြည်နယ် တောင်ပိုင်းပေါ့၊ တောင်ကြီးနဲ့ ကလောဘက်မှာတော့ ဟိုတယ်အားလုံး အပြည့် နီးပါးလောက် ဧည့်သည် ဝင်ရောက်တာကို တွေ့ရပါတယ်။ စက်တင်ဘာလ ကုန်ပြီးကတည်းက စပြီးတော့ ပြောရ ရင် ခရီးသွားရာသီ ဆိုတာက အောက်တိုဘာဆိုရင် စတာပေါ့။ ကျနော်တို့ စက်တင်ဘာမှာဆိုရင် ဧည့်သည်က ရှမ်းပြည်နယ် တောင်ကြီးမှာ ဆိုရင် ၃ သောင်းလောက်ပဲ ဝင်ခဲ့တာပေါ့။ ဒီအောက်တိုဘာမှာဆိုရင် ၅ သောင်း ၃ ထောင်လောက်ကို ဝင်သွားတယ်ဆိုတော့ ဧည့်သည်ကတော့ သိသိသာသာ တက်သွားတာပေါ့။ နိုဝင်ဘာမှာလည်း အလားတူပါပဲ။ တန်ဆောင်တိုင် ပိတ်ရက်လည်း ဖြစ်သွားတဲ့အခါကျတော့ ဧည့်သည် အပြည့် နီးပါးလောက် လက်ခံ ရရှိတာကို တွေ့ရပါတယ်။ ပြည်ပခရီးသွားကတော့ နည်းသေးတာပေါ့နော်။ တိုးလာတယ် ဆိုပေမယ့် လည်း သူက ရာဂဏန်းပဲ ရှိသေးတာ။ ရာဂဏန်းဆိုတာကလည်း ၃၀၀ ပတ်ချာလည် လောက်ပေါ့။ ရှမ်းပြည်နယ် တောင်ပိုင်းဆိုရင် ၃၀၀ နီးပါး အဲဒီလို ရာဂဏန်းလောက်ပဲ ဝင်တာတွေ့ရတယ်။ ဒါပေမယ့် သိသိသာသာတော့ တက်တော့ တက်လာတယ်ပေါ့။ တိုးလာတာတော့ မှန်တယ်။ သို့သော် ရာဂဏန်း လောက်ပဲရှိသေးတယ်”ဟု ပြော သည်။

၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၆ ရက်နေ့က ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ကျင်းပနေစဉ်

တန်ဆောင်တိုင် ပိတ်ရက်တွင် သီတင်းကျွတ်ကာလ ကျိုက်ထီးရိုး ဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွားခဲ့သည့် အတွက် လာမည့် ဒီဇင်ဘာလ ခရစ္စမတ်ပိတ်ရက်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်တို့တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဝင်ရောက်မှု ပိုများလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။

ပြည်တွင်း ခရီးသွားများတွင် ခရီးသွား လုပ်ငန်းများဖြင့် ခရီးသွားခြင်းသည် ယခင်လများ၌ မရှိသလောက် ဖြစ်ခဲ့ ကြောင်း၊ သို့သော် သီတင်းကျွတ် ပိတ်ရက်မှာတော့ အဖွဲ့လိုက် ခရီးသွားကြမှုများ ရှိလာသည့်အတွက် ပြည်တွင်း ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်လာခဲ့ကြောင်း၊ တန်ဆောင်တိုင် ပိတ်ရက်တွင်လည်း ထို့အတူပင် ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ယခုထက်ပို၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု ပိုများလာမည်ဆိုပါက ကိုဗစ်ကာလ၌ ထိခိုက်ခဲ့ သည့် ခရီးသွားကဏ္ဍသည် ပြန်လည် လည်ပတ်လာနိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။