CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀

ကမ္ဘာ့ခရီးသွားဈေးကွက်တွင် မြန်မာနိုင်ငံ မပျောက်သွားစေရန်အတွက် မြန်မာနိုင်ငံသည် ခရီးသွားလာ၍ ရကြောင်းကို အများအပြား သိရှိစေရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၌ လေကြောင်းလိုင်း ဆက်သွယ်မှုသည် ကိုဗစ်မတိုင်ခင်ကထက် နည်းပါးနေသဖြင့် နိုင်ငံတကာ ခရီးသွားများ လာရောက်ရန်မှာ လေကြောင်းလိုင်းမရှိခြင်း၊ နည်းပါးခြင်း၊ ဈေးကြီးခြင်းတို့ကြောင့် အခက်အခဲ ရှိကြောင်း၊ ထို့ကြောင့် လေကြောင်းလိုင်းဆက်သွယ်မှု များလာစေရေး လုပ်ဆောင်ရန်လိုကြောင်း ၎င်းက ပြော သည်။

ဦးနောင်းနောင်းဟန်က “အချို့နိုင်ငံတွေကို နိုင်ငံတော်အနေနဲ့ ဗီဇာဖြေလျှော့မှုပေါ့နော်။ ဖြေလျှော့ခွင့်တွေ ပေးဖို့ လည်း လိုနေပါတယ်။ အခုဆိုရင် Visa on arrival ဆိုက်ရောက်ဗီဇာပေးမှုက အကန့်အသတ်နဲ့ နိုင်ငံတချို့ကိုပဲ ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံတွေ တော်တော်များများကို ပေးလိုက်တယ်ဆိုရင် နိုင်ငံခြားသား ဝင်ရောက်မှုက ဒီထက်ပိုပြီး များလာနိုင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ပထမဆုံးတံခါးလိုဖြစ်တဲ့ ဗီဇာပေးမှုမှာ ပထမဆုံးတံခါးကို ဖွင့်လိုက် မှ နိုင်ငံထဲကို ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗီဇာနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ၊ နောက်တစ်ခါ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံကို လာလို့ရတယ်ဆိုတဲ့ ဟာပေါ့နော်။ လုံခြုံစိတ်ချစွာသွားလာနိုင်တဲ့ ခရီးစဉ်တွေ ကို များများကြေညာဖို့ လိုပါတယ် ဒီနှစ်ချက်ပေါ့နော်။ တတိယတစ်ချက်ကတော့ လေကြောင်း ဆက်သွယ်မှုတွေ ကို များများလုပ်ဖို့အတွက် နိုင်ငံတကာလေကြောင်းလိုင်းတွေကို ဖိတ်ခေါ်ပြီးတော့ ပြည်တွင်းမှာလည်း လေကြောင်း ဆက်သွယ်မှုတွေ များများလုပ်ပေးဖို့ လိုတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသခရီးသွားများကို တွေ့ရစဉ်

ပြည်ပခရီးသွားများသည် ဗီဇာရယူခြင်းမှာ အခက်အခဲများ ရှိနေသည့်အတွက် နိုင်ငံအများအပြားအား ဗီဇာနှင့် ပတ်သက်၍ ဖြေလျှော့ပေးလိုက်မည်ဆိုပါက ကောင်းမွန်သွားမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၁၀ နိုင်ငံ၌ မလေးရှားမှလွဲ၍ ကျန် ၉ နိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့် ပေးထားပြီး အချို့နိုင်ငံများအား ဆိုက်ရောက်ဗီဇာများ ပေးထားခြင်းဖြစ်သည်။

သို့သော်လည်း မိမိနိုင်ငံသို့ အမှန်တကယ် လာရောက်လည်ပတ်သည့် နိုင်ငံများအား‌ လေ့လာ၍ ဗီဇာဖြေလျှော့ မှုများကို လုပ်ဆောင်ပေးသင့်ကြောင့် ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသခရီးသွားများကို တွေ့ရစဉ်

၎င်းက “အခုဆို ဂရိတို့၊ စပိန်တို့၊ တောင်အမေရိကတို့လည်း လာတယ် ကွက်ပျောက်လေးတွေပေါ့။ ဒီလိုနိုင်ငံတွေ ကကြတော့ Potential ရှိတယ်။ အိမ်နီးချင်း အာရှတွေထက်စာရင် သူတို့က အဝေးကြီးက လာရတယ်။ သူတို့မှာ လည်း ဗီဇာယူဖို့အတွက် သံရုံးတွေမှာ မရှိဘူးပေါ့။ ဗီဇာယူဖို့ အခက်အခဲရှိတယ်ပေါ့။ မြန်မာသံရုံးလည်းမရှိဘူး။ ဘရာဇီးလ်တို့ မက္ကဆီကန်တို့ အာဂျင်တီးနားတို့၊ နောက် ဒီဘက်က ဂရိလာတယ်၊ ပေါ်တူဂီလာတယ်၊ စပိန်လာ  တယ်။ အဲဒီနိုင်ငံတွေက ဖြစ်နိုင်ရင် visa on arrival ပေးသင့်တယ်။ အဲဒါမျိုးကို အွန်လိုင်းကနေ လျှောက်မယ်ဆို ရင်လည်း လွယ်လွယ်ကူကူနဲ့ လုပ်နိုင်အောင် လုပ်မယ်ဆိုရင် ဒီနိုင်ငံတွေက ဘာပဲပြောပြော ခုလိုအချိန်မှာ ကွက်ပျောက်ဆိုပေမယ့် လာနေတာကို တွေ့ရတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေကို ဆိုက်ရောက်ဗီဇာ ပေးသင့်တယ် လို့ အကြံပြုပါတယ်။ ထိုင်းဆို visa free ကို နိုင်ငံပေါင်း ရာကဏန်း နီးပါးလောက်ကို ပေးလိုက်တော့ သူ့ရဲ့ Tourism က အရမ်းတက်သွားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုသည် ၂၀၁၉ ခုနှစ်တွင် ၃ သန်းကျော်အထိရှိခဲ့ပြီး ကိုဗစ်နှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာလေဆိပ် အပါအဝင် နယ်စပ် ဝင်/ထွက် ဂိတ်များမှ ဝင်ရောက်လာကြမှုသည် ၁ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် စက်တင်ဘာလအထိ ၅ သိန်းကျော်သာ ဝင်ရောက်ထားသေးကြောင်းလည်း ခရီးသွား ဝင်ရောက်လာမှု စာရင်းများအရ သိရသည်။