CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

နယ်မြေမတည်ငြိမ်မှု၊ ရေကြီးရေလျှံ ဖြစ်ပွားမှုများ‌ကြောင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပွင့်လင်း ရာသီတွင် ခရီးသွားလာမှု မည်သို့ ရှိလာနိုင်သလဲဆိုသည့်အပေါ် ခရီးသွားလုပ်ငန်းရှင်များအကြား သုံးသပ်မှုများ ရှိနေကြသည်။

ယခုနှစ်တွင် ခရီးသွားလာနိုင်သည့် နေရာဒေသမှာ နည်းပါးသွားပြီး ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်နှင့် မြိတ်ကျွန်းစု ဒေသများသို့သာ အဓိကခရီးသွားလာ၍ ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက သီတင်းကျွတ်ရာသီ ခရီးသွားလာမှုမှာ နည်းပါးသွား‌ကြောင်း၊ သို့သော် လာမည့် တန်ဆောင်တိုင်နှင့် ခရစ္စမတ် ရာသီများတွင် ခရီးသွားလာမှု ပြန်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မနှစ်ကနဲ့ ယှဉ်ရင်တော့ များတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သွားလို့ ရတဲ့ နေရာတွေက အကန့်အသတ် ပိုများလာတဲ့အတွက် ပုဂံတို့ ချောင်းသာ၊ ငွေဆောင်တို့ အဲဒီဒေသတွေကိုပဲ ပိုပြီး တော့ သွားရောက်ကြတာများပါတယ်။ ပြည်တွင်းခရီးသွားကို ပြောရမယ်ဆိုရင် မနှစ်က သီတင်းကျွတ်ထက် စာရင် နည်းလာနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဟိုတယ် ဘိုကင်တွေကြတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ပုဂံတို့ မန္တလေးတို့မှာ‌တော့ ဟိုတယ်တွေ တော်တော်များများ ပြည့်ကြတာ များပါတယ်။ ကမ်းခြေက ချောင်းသာ၊ ငွေဆောင်မှာလည်း ပြည့်ကြတာ များတယ်။ တန်ဆောင်တိုင် လောက်ကြရင် ရေဘေးကိစ္စတွေလည်း  ထိုက်သင့် သလောက် အဆင်ပြေသွားပြီဆိုရင် ခရီးသွား ပြန်ပြီးတက်လာနိုင်တယ်။ နောက်တစ်ခါ ဒီဇင်ဘာမှာလည်း ခရစ္စမတ် နဲ့ နယူးရီးယားမှာ ပြန်ပြီးတက်လာနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်” ဟု ပြောသည်။

ကမ်းခြေတစ်ခုကိုတွေ့ရစဉ်

ပြည်တွင်း ခရီးသွားလာသည့် အခါတွင် ခရီးသွားကုမ္ပဏီများဖြင့် သွားရောက်ခြင်းထက် မိမိအစီအစဉ်ဖြင့်သာ သွားရောက်ကြသော်လည်း လက်ရှိ စက်သုံးဆီဈေးကြီးမြင့်မှု၊ ငွေရှာရ ခက်ခဲလာမှုများကြောင့် ခရီးသွားလာမှု နည်းပါးလာခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ထို့အပြင် ယခုနောက်ပိုင်းတွင် တည်ငြိမ်မှုမရှိသည့် နယ်မြေဒေသများ ပိုမိုပေါများလာသည့်အတွက် ခရီးသွား လာရေးနှင့်ပတ်သက်၍ ပိုမို စဉ်းစားလာကြကြောင်း ၎င်းတို့က ပြောသည်။

အလားတူ ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ရာတွင်လည်း လေဆိပ်၌ စစ်ဆေးမှုများကြောင့် လွတ်လပ်မှု မရှိသဖြင့် အဆင်မပြေဖြစ်စေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ အားရဖွယ်မရှိကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသကို တွေ့ရစဉ်

၎င်းက “လေ့လာချက်ကြည့်ပြီးအရတော့ သိပ်ပြီးတော့ အားရဖွယ်ရာတော့မရှိဘူး။ ဘာလို့လဲဆိုတော့ ငွေကြေး ကိစ္စ ရှားလာတာလည်း ပါတယ်။ သွားတဲ့လူကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားကြတယ်။ အေးဂျင့်တွေကို ဘိုကင်တင်တာ သိပ်မတွေ့ရဘူး။ ပြည်ပထွက်တဲ့လူတွေက များတယ်။ ပြည်ပ ထွက်ပြန်တော့လည်း အခု အခြေအနေက ရှော့ရှိနိုင်တယ်ပေါ့ အထူးသဖြင့် လူငယ်တွေပေါ့။ အဲဒါလေးတွေလည်း စိန်ခေါ်မှုပေါ့နော်။ ငွေကြေး အဆင်မပြေတာရယ်၊ ပတ်စပို့ အဆင်ပြေတော့လည်း ဗီဇာက ပြောလို့မရဘူး။ ကျန်တဲ့တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လည်းရှိလာတာပေါ့။ Tourist နဲ့ သွားရင် ပြန်ရောက်ကြောင်း သတင်းပို့ရတာတို့ကရှိတယ်။ ရှိတယ်ဆိုတော့ နည်းနည်းတော့ လွတ်လွတ်လပ်လပ် မရှိတော့ဘူးပေါ့။ အပန်းဖြေသွားတယ်ဆိုတာက နောက်ကြောင်းအေးမှ ကောင်းတာလေ” ဟု ပြောသည်။

ပြည်ပခရီးသွားများ အနေဖြင့်လည်း ၂၀၂၃ ခုနှစ်တွင် ၁ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ ၅ သိန်းကျော်သာရှိသေးကာ ပြီးခဲ့သည့်နှစ် ပမာဏကို မရောက်နိုင်လောက်ကြောင်းလည်း ခန့်မှန်း ကြသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်း ခရီးသွားလာမှုများမှာလည်း အောက်တိုဘာလအထိ အထိုက်အလျောက် ရှိခဲ့ကြောင်း၊ ထိုနောက်ပိုင်းမှ စတင်ကာ ခရီးသွားလာမှုများ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။