CNI News

၂၀၂၂ ခုနှစ်၊ မေ ၆

ယူနက်စကိုအဖြစ် သတ်မှတ်ခံထားရသည့် ပုဂံဒေသရှိ ဟိုတယ်များအား တိုးချဲ့ခြင်း၊ အသစ်ပြင်ဆင်တည်ဆောက် ခြင်းများအား ခွင့်မပြုကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက “ကျနော်တို့ ဒီဘက်က လုံးဝခွင့်မပြုထားပါဘူး။ တခြားနေလို့ထိုင်လို့ မရလို့ပေါ့နော်။ မိုးယိုတာတို့၊ အတွင်းပိုင်းတွေမှာ ပျက်စီးမှုလေးတွေ ရှိနေတာတော့ ပြင်ဆင်တာတွေတော့ ရှိပါတယ်။ ဒါလေးတွေကတော့ ကျနော်တို့ စီမံခန့်ခွဲမှု အဆင့်ဆင့် တင်ပြပြီးတော့ ခွင့်ပြုချက် ယူပြီးမှပဲ ဆောင်ရွက်စေပါတယ်။ လုံးဝ သူတို့သ‌ဘောနဲ့ တိုးချဲ့တာတွေ၊ တည်ဆောက်တာတွေ ဆောင်ရွက်ခွင့်မပေးပါဘူး။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးမှရော မဝင်ခင်မှာရော ဒီဟာတွေကို ဆောက်လုပ်ခွင့်တို့၊ တိုးချဲ့ခွင့်တို့ ထပ်ပြီးတော့ နေရာချထားပေးတာတို့က မရှိတော့ဘူး။ မရှိတော့ပေမယ့် အရင်တုန်းက ရှိခဲ့တဲ့ ဥစ္စာတွေက စီမံခန့်ခွဲမှု မပြီးပြတ် သေးတဲ့ကာလလေးမှာ ဖွင့်တဲ့ဟာတွေလည်း ရှိတယ်။ ဆောက်လက်စ မပြီးသေးဘူးပေါ့”ဟု ပြောသည်။

ပုဂံခေတ်ရှေးဟောင်းဘုရားများ တည်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရားများ၊ ရှေးဟောင်းအဆောက်အဦးများမှအပ ဟိုတယ်နှင့် အခြားအဆောက်အဦးများ မရှိသင့်ကြောင်း ၎င်းက ဆိုသည်။

ပုဂံ‌ဒေသတွင် ယူနက်စကိုမဝင်ခင်ကတည်းက ဆောက်လုပ်ထားသည့် ဟိုတယ်များရှိသကဲ့သို့ ယနေ့အထိ ဆယ်စုနှစ်တစ်ခုကြာ ဆောက်လုပ်မှု မပြီးစီးသေးသည့် ဟိုတယ်များလည်းရှိကာ ထိုဆောက်လုပ်နေဆဲ ဟိုတယ် တစ်ခု၏ မြေဧရိယာထဲတွင် ပုဂံရှေးဟောင်းဘုရား ၂၂ ဆူတည်ရှိသည်။

အဆိုပါ ရှေးဟောင်းဘုရား ၂၂ ဆူအား ဘုရားဖူးပြည်သူများ လွတ်လပ်စွာဖူး‌မြော်ခွင့်ရရှိရန် လျှောက်လမ်းများ လုပ်ဆောင်ခိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက “ဒါက ပြောရလို့ရှိရင်တော့ ဟိုးအရင် နဝတတို့ စစ်အစိုးရလက်ထက် တုန်းက ခွင့်ပြုပေးခဲ့လိုက်တဲ့ကုမ္ပဏီတွေ နေရာတွေပေါ့နော်။ အခုဆိုရင် ဟိုတယ်ဇုန်(၁)အနေနဲ့ ပေးခဲ့တာ သူတစ်ဦးပဲရှိတယ်။ ဒီစီမံကိန်းကသူတို့ အခုချိန်ထိ ပြီးပါပြီ ဖွင့်လို့နေပါပြီ။ လူတွေလည်း တည်းခို နေထိုင် လျက်ရှိပါပြီလို့ လုပ်လို့မရသေးဘူး။ ကျနော်တို့အမြင်ကတော့ သူတို့ လက်စသတ်အောင် ပြီးအောင် လုပ်ထားတာ မတွေ့သေးဘူး။ ကမ္ဘာ့အမွေအနှစ် မဝင်ခင်ကတည်းက ရှိခဲ့တဲ့ ဟိုတယ်တွေလည်း ရှိပါတယ်။ ဒါတွေကလည်း တကယ်တမ်းတော့ မရှိသင့်ဘူး။ အခုရှိပြီးသားဟာကိုလည်း ထပ် မတိုးချဲ့သင့်ဘူး” ဟု ပြောသည်။

အဆိုပါဟိုတယ်များအား ပညာရှင်၏အကြံပြုချက်အတိုင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနမှ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိတွင် Hotel Strategy (ဟိုတယ်ဗျူဟာ)များ ရေးဆွဲနေ ကြောင်း သိရသည်။

ပုဂံဒေသ၌ ဟိုတယ်အလုံးရေ ၈၅ လုံး အခန်းပေါင်း သုံးထောင်ခန့်နှင့် ဟိုတယ်ဇုန် လေးခုရှိကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသအား ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိသည်ဟု ရှေး/သု(ပုဂံဌာနခွဲ)၏ စာရင်းအရ သိရသည်။