CNI News

၂၀၂၂ ခုနှစ်၊ မေလ ၆

မွန်အမျိုးသားရေးရာညီလာခံတွင် မွန်အမျိုးသားများ လိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေအနေများ ကို ဆွေးနွေးနိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

မွန်အမျိုးသားရေးရာညီလာခံကို မေလ ၂ ရက်နေ့မှ ၅ ရက်အထိ ကျင်းပခဲ့ကြောင်း၊ ထိုညီလာခံတွင် အချက် (၃) ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ ဖက်ဒရယ်နှင့် သက်ဆိုင်သော အခြေခံဥပဒေများ၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောသည်။

နိုင်သန်းရွှေက “ အဓိက ဆွေးနွေးတာက ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေရယ်၊ နောက်ပြီးတော့ ပြည်နယ်နဲ့ ဆိုင်တဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ နောက်ပြီးတော့ မွန်အမျိုးသား စီမံကိန်းရယ်၊ ဒီအဓိက အချက်ကတော့ ၃ ချက်ပေါ့။ အဓိကက ကျနော်တို့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ့၊ အဲဒါကို တော့ ကျနော်တို့ အားလုံး ဆွေးနွေးညှိနှိုင်း ဖြစ်ခဲ့တယ်ပေါ့၊ အဓိက ပါဝင်တဲ့ အကြောင်းအရာတွေ အများကြီးပေါ့၊ ဖွဲ့စည်းပုံ စနစ်က အစပေါ့နော်၊ အကုန်လုံးပေါ့၊ ဒီဖွဲ့စည်းပုံ တစ်စုံလုံး ပါတာပေါ့၊ ပြည်နယ်ဖွဲ့စည်းပုံလည်း ဒီအတိုင်းပါပဲ ဒီတစ်စုံလုံးပေါ့ ” ဟု ပြောသည်။

ထို့အတူ မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် တညီတညွတ်တည်း လုပ်ဆောင်ရန် မွန်အမျိုးသားများကို တိုက်တွန်း ကြောင်း၊ အစိုးရ တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ MUP မှ လွှတ်တော်အတွင်း တင်ပြရမည် ဖြစ်ကြောင်း နိုင်သန်းရွှေက ပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး မွန်လူမျိုးများ အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် ဒီအချက်များကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း မွန်လူငယ်စုံရပ် (MYF) မှ ပြောရေးဆိုခွင့်ရှိသူ မင်းစိုးမြင့်က CNI သတင်းဌာနသို့ ပြော သည်။

မွန်အမျိုးသားရေးရာညီလာခံ ကျင်းပနေစဉ်

မင်းစိုးမြင့်က “ဟုတ်တယ်၊ သဘောတူညီချက်တော့ ရခဲ့တယ်၊ ပြီးတော့ ကျနော်တို့ ၂ ချက်ပေါ့နော်။ ၂ ချက်ဆိုတာက ဖက်ဒရယ်နိုင်ငံ တည်ဆောက်တဲ့ နေရာမှာ အခြေခံမူရယ်၊ အဲဒါ တခြား ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်းပြီးတော့ ရှေ့ဆက်ပြီးတော့ ဆွေးနွေးသွားမလဲ၊ ဒါတစ်ချက် ရှိမယ်၊ နောက်ပြီးတော့ မွန်ပြည်နယ်ပေါ့နော်၊ အဓိက ရာမည ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့နော်၊ အဲဒါတော့ အကြမ်းဖျင်း ရေးဆွဲထားတာရှိတယ်၊ အရင်ကလည်း ကျနော်တို့ တတိယမူကြမ်းအထိကို ကျနော်တို့ ရေးဆွဲနိုင်ခဲ့တယ်ပေါ့နော်၊ အခု နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်တာတွေ ဆွေးနွေးထားတာ ရှိတယ် ဗျ”ဟု ပြောသည်။

ရာမညဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နယ်မြေပိုင်းခြား သတ်မှတ်မှု၊ ရွေးကောက်ပွဲစနစ်၊ မွန်ပြည်နယ်အတွင်း ရှိနေသည့် ကရင်၊ ပအိုဝ်း၊ ဗမာ စသည့် တိုင်းရင်းသားများ၏ အခြေခံ အခွင့်အရေးများ စသည်တို့ ပါရှိကြောင်း ၎င်းက ပြောသည်။

နိုင်သန်းရွှေက “အဓိကတော့ ကျနော်တို့က ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးရယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍကတော့ ကျနော်တို့ မွန်ဒေသ အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမွန်အမျိုးသား စီမံကိန်းနဲ့ အများကြီး ဆက်စပ်တယ် အဲဒါကြောင့် ကျနော်တို့က ဒီဟာတွေ အကုန်လုံး ဖြစ်နိုင်ဖို့အတွက် အမျိုးသားစီမံကိန်းကို ကျနော်တို့ အကောင်အထည် ဖော်နိုင်လို့ ရှိရင် ကျနော်တို့ ဒေသအများ ကြီး ဖွံ့ဖြိုးတိုးတက်လာမယ်၊ ပိုပြီးတော့ ကောင်းလာမှာပေါ့၊ မွန်ပြည်နယ်အနေနဲ့ ကျနော်အဲလိုပဲ ဖြည့်စွက်ပြီး ပြောချင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မွန်အမျိုးသားများ ညီလာခံကို မွန်ပြည်သစ်ပါတီ (NMSP) မှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ (MUP) မှ ကိုယ်စား လှယ်များ၊ မွန်အရပ်ဖက် အဖွဲ့အစည်းများ၊ မွန်သံဃာတော်များနှင့် မွန်လူငယ်အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။