CNI News

၂၀၂၂ ခုနှစ်၊ မေ ၆

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် ပုဂံဒေသတွင် ရှေးခေတ်လက်ရာများနှင့် ရှေးအကျဆုံး ဘုရားစေတီအငယ်များအား ဦးစွာ သံတံခါးများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက CNI သတင်း ဌာနသို့ ပြောသည်။

“တံခါးခတ်မယ့်ကိစ္စကတော့ ဘုရားတွေရဲ့ အ‌ရေးကြီးမှုအပိုင်းပေါ့နော်။ Great တွေ ခွဲခြားထားတာတွေရှိတယ်။ အဲဒီ Great တွေ ခွဲခြားထားတဲ့အပေါ်မှာ အရေးကြီးမှုတွေအပေါ် မူတည်ပြီးတော့ သူ့မှာရှိနေတဲ့ လက်ရာတွေ၊ နံရံ ပန်းချီတွေ ဒါတွေကို ခေတ်ကာလတွေ သမိုင်းကြောင်းတွေ ဒါတွေကို မူတည်ပြီးတော့မှ Great ခွဲထားတာပေါ့။ အဲဒီ Great ခွဲထားတဲ့အတိုင်းမှာ ဦးစားပေးပြီး ဆောင်ရွက်ရမယ့် ဘုရားတွေပေါ့နော်။ ဘုရားတွေကို သတ်မှတ် ရွေးချယ်ပြီးတော့မှ တပ်ဆင်ရမယ့် ပုံစံဒီဇိုင်းပေါ့နော် အတိုင်းအတာတွေကို ပထမဆုံးကောက်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ဧပြီလက ပုဂံ‌ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဘုရားနှစ်ဆူနှင့် ကျောက်ဆစ်လက်ရာတချို့ အခိုးခံလိုက်ရပြီး နောက် ယခုကဲ့သို့ ဘုရားစေတီအငယ်များ၌ သံတံခါးများတပ်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ထိုဘုရားစေတီအငယ်များသည် လိုဏ်ဂူဘုရားများဖြစ်ကာ တောထဲ၌ တည်ထားသည့်အတွက် သံတံခါးများ တပ်ဆင်ထားမှုမရှိကြောင်းလည်း သိရသည်။

သံတံခါးများအား တပ်ဆင်ရန်အတွက် တွက်ချက်မှုများပြုလုပ်ပြီး ရန်ပုံငွေကျခံနိုင်ရေးအတွက် တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်းနှင့် တင်ပြတောင်းခံပြီးပါက အကောင်ထည်ဖော်ဆောင်ရွက်၍ ရပြီဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

“ အခုလောလောဆယ်တော့ ကျနော်တို့က ဆောင်ရွက်ဆဲပဲ ဖြစ်နေပါသေးတယ်။ ဘယ်တော့လောက် ဖြစ်မလဲ ဆိုတော့ တွက်ချက်မှုအရ ပေးနိုင်မယ့် ဒီနှစ်ထဲမှာ ချပေးနိုင်မယ်ဆိုရင်လည်း ဒီနှစ်ထဲပေါ့။ ဒီနှစ်မှာ မမှီနိုင်ရင် လည်း နောင်နှစ်မှာပေးနိုင်အောင်တော့ ကျနော်တို့က တင်ပြသွားမှာဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။

ပုဂံဒေသတွင် ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိကာ ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပုဂံဒေသအား သတ်မှတ်ခဲ့ခြင်းဖြစ်သည်။