CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားမှုကြောင့် ယခုနှစ် မိုးရာသီတွင် ပုဂံဒေသရှိ ရှေးဟောင်းဘုရားများ အတွင်းသို့ ရေဝင်ရောက်မှုများ မရှိစေရန် ဆောင်ရွက်နေကြောင်း ရှေး/သု (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးမြင့်သန်း က CNI သတင်းဌာသို့ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မိုးရာသီက မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ရှေးဟောင်း ဘုရားများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် ပုဂံရှိ‌ရေလမ်းကြောင်းများအား ဖော်ထုတ်ရန်နှင့် နောင်တွင် ယခုကဲ့သို့ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ဒုတိယညွှန်ကြား‌ရေးမှူး ဦးမြင့်သန်းက “နဂို ပုဂံခေတ် မူလရေလမ်းကြောင်းတွေလည်း ရှာဖွေခဲ့ပါတယ်။ အဲဒီ ရေလမ်း ကြောင်းတွေမှာ တချို့နေရာတွေကတော့ တိမ်ကောနေတာတွေရှိတယ်။ တချို့နေရာတွေကျတော့လည်း လမ်းအတိုင်း မဟုတ်ဘဲနဲ့ သူ့လမ်းနဲ့သူ မသွားတော့ဘဲနဲ့ ဘေးထွက်သွားတာမျိုးတွေရှိတယ်။ မမှန်တော့ဘူးပေါ့။ အဲဒီမမှန်တော့တဲ့ ရေလမ်းကြောင်းတွေကိုလည်း အမှန်ပြန်စီးနိုင်အောင် ဆောင်ရွက်ဖို့ရယ်၊ တိမ်ကောနေတဲ့ လမ်းကြောင်းတွေမှာလည်း ပြန်ပြီးတော့ ဖို့နေတဲ့မြေသားတွေကို ပြန်ဖော်ထုတ်ရမှာပေါ့။ ဖယ်ရှားရမှာပေါ့။ အဲဒါမျိုးလုပ်ငန်းတွေရယ်။ နောက်တစ်ခါ ရေကျော်လုပ်ငန်းတွေပေါ့။ ကားလမ်းတွေဘာတွေ လုပ်ပြီးသားဆိုရင် အဲဒီလုပ်ပြီးသားနေရာတွေကနေ ရေစီးဆင်းမှု မကောင်းတော့ဘူး‌ပေါ့။ ကားလမ်းဖြစ်သွားတဲ့အတွက်။ အဲဒီလိုနေရာတွေမှာလည်း ကားလမ်းဖြစ်တဲ့အတွက် ကားလည်း သွားလို့ရအောင် ရေလည်းဆင်းလို့ရအောင် ရေကျော်လေး လုပ်တာလေးတွေ ဒါမျိုးတွေလုပ်ဖို့အတွက်ကို စီမံဆောင်ရွက် ထားပါတယ်” ဟု ပြောသည်။

 ပြီးခဲ့သည့်နှစ်က ပုဂံဘုရားတချို့ ရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့ရ

ထိုသို့ လုပ်ဆောင်ရန်အတွက် ရန်ပုံငွေ ချထားပေးပြီး ဖြစ်သဖြင့် လုပ်ငန်းများ စတင် လုပ်ကိုင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ရေကျော်လုပ်ငန်းသည် တင်ဒါဖြင့် လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

ရေလမ်းကြောင်းများတွင် မိုးမရွာခင်ကာလများက ကျွဲ၊ နွား၊ ဆိုင်ကယ်၊ လှည်း၊ ကားများ ဖြတ်သန်း သွားလာခြင်းတို့ကြောင့် လမ်းခင်းမှုများ ပြုလုပ်လိုက်သဖြင့် ထိုရေလမ်းကြောင်းများမှာ ပျောက်သွားခြင်းနှင့် ကျဉ်းမြောင်းသွားခြင်းများကြောင့် ရေပုံမှန် မစီးဆင်းနိုင်ဖြစ်၍ ပြီးခဲ့သည့်နှစ်က ရှေးဟောင်းဘုရားများအတွင်းသို့ ရေဝင်ရောက်မှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံဒေသခံ ကိုလူလှက “ဘုရားတွေ ရေလျှံတာ အတွက်ကတော့ မကောင်းဘူးပေါ့။ အတွင်း အောက်ခံ ဖောင်ဒေးရှင်းကိုလည်း ထိခိုက်နိုင်သလို အထူးသဖြင့် ရေငွေ့ပြန်မှုတွေကြောင့် ဘုရားအတွင်းမှာရှိတဲ့ နံရံပန်းချီတွေပေါ့နော်၊ နောက်တစ်ခုက အင်္ဂတေ ပန်းဆွဲတွေ ဘာတွေ အဲဒါတွေအတွက်လည်း ရေငွေ့ပြန်မှုကြောင့် မကောင်းဘူးပေါ့။ အကောင်းဆုံးကတော့ မဝင်အောင် ဘယ်လို တားဆီးမလဲ၊ အရင်တုန်းကဝင်ခဲ့တဲ့ ဥစ္စာတွေ နမူနာတွေလည်း ရှိတယ်၊ ဘယ်လမ်းကြောင်းတွေကနေ ဘယ်လို ဝင်ခဲ့ တာလဲ ဆိုတာတွေကို သေချာကြည့်ပြီးတော့ အဲဒါတွေကို ဘုရားတွေထဲ ရေမဝင်အောင် ရေမဝပ်အောင်ပေါ့ လုပ်ဆောင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲလို့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က ပုဂံဘုရား ရေဝင်ရောက်မှု

ပြီးခဲ့သည့်နှစ်က မိုးရွာသွန်းမှုကြောင့် ပုဂံဘုရား အဆူ ၆၀ ခန့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ‌ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် ၁၄ ဆူခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆင်း ကြည့်ရှုရာတွင် ယခုနှစ် မိုးရာသီ၌ မိုးရွာသွန်းမှုကြောင့် ပျက်စီးနိုင်ခြေရှိသည့် ပုဂံဘုရားအချို့အား တွေ့ရှိခဲ့ကြောင်း ရှေး/သု (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးမြင့်သန်းက ပြောသည်။

ဦးမြင့်သန်းက “ကြိုတင်ပြင်ဆင်တဲ့ ဟာပေါ့နော်။ မိုးရွာသွန်းမှုကြောင့် နောက်ထပ် ပျက်စီးနိုင်တယ်လို့ ယူဆပြီးတော့ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းပေါ့။ အဲဒီဘုရားတွေက ၂၆ ဆူလောက် ရှိတယ်။ ဆောင်ရွက် ပြီးတာကတော့ ၅ ဆူ၊ ဆောင်ရွက်ဆဲက ၂ ဆူ၊ ဆောင်ရွက်ရန် ကျန်က ၁၉ ဆူ။ ကျနော်တို့ ဌာနအနေနဲ့ကလည်း ဘုရားတွေ ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် စဉ်ဆက် မပြတ် ဌာနအင်ဂျင်နီယာတွေရော၊ ဌာနတာဝန်ရှိတဲ့ အရာရှိတွေရော ပုံမှန်ကျနော်တို့ ကွင်းဆင်း စစ်ဆေးပါတယ်။ တွေ့ရှိတဲ့ အနေထားပေါ်မှာ တွေ့ရှိရမှု အဖြေပေါ်မှာ ဦးစားပေး အဆင့်အတန်းတွေ ခွဲပြီးတော့မှ ပြုပြင်ထိန်းသိမ်းမှုတွေကို ဆောင်ရွက်ပါ တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးရာသီက ပုဂံရှိ ရှေးဟောင်း ဘုရားများ အတွင်းသို့ ရေဝင်ရောက်မှုများ ရှိခဲ့သည့်အတွက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝေဖန် ပြောဆိုမှုများ ရှိခဲ့သည်။