CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အားကောင်းသည့်မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့(မေ ၂၀ ရက်)တွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးကွန်ယက်အဖွဲ့မှ တာဝန်ရှိသူက "သစ်ပင်တွေလဲတယ်။ ရေတော့မကြီးဘူး။ လေတော့တအားကြမ်းတယ်။ အိမ်ပြိုတာတို့ဘာတို့ရှိတယ် သစ်ပင်ပိပြီးတော့လေ။ ရွာတာ မိုးက ညကတည်းကရွာတာ မနက် ၃ နာရီလောက်ကတည်းကရွာတာ ခုချိန်ထိ မတိတ်သေးဘူး။ လေကတော့ငြိမ်သွားပြီပေါ့။ လူတစ်ယောက်တော့ထိခိုက်သွားတယ် အပင်လဲပြီးတော့ "ဟု CNI သတင်းဌာနသို့ ပြောသည်။

ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း မိုးဇလမှသိရသည်။

ကုန်းတွင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိ သည့် အခြေအနေဖြစ်ပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ် ကြောင်းလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက် ၆ နာရီ အတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။