CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် မန္တလေးကျုံးဘေး၌ ရေကစားမဏ္ဍပ်နှင့် စတုဒီတာအလှူများကို ကျွေးမွေးရန် မန္တလေးမြို့တော်စည်ပင်မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြန်မာ့ရှေးဟောင်းနေရာတစ်ခုဖြစ်သည့် မန္တလေးကျုံးဘေးတွင် နှစ်စဉ် ရေကစားမဏ္ဍပ်များ တည်ဆောက်၍ ရေပက်ကစားကြသော်လည်း ယင်းကျုံးရေကို ပြည်သူများက သောက်သုံးရေအဖြစ် သုံးစွဲနေကြခြင်းကြောင့် ရေဆိုးရေညစ်များ ဝင်ရောက်မှု မရှိစေရန် သတိထားသင့်ကြောင်း မန္တလေးမြို့ဒေသခံ စာရေးဆရာ ဦးဆူးငှက်က CNI သတင်းဌာနသို့ ပြောသည်။

“ကျုံးဘေး ရေကစားကြတာကတော့ ကျုံးကတော့ ရှေးဟောင်းတစ်ခုလည်းဖြစ်တယ်။ နောက်ပြီးတော့ ကျုံးရေကိုလည်း သုံးစွဲကြတဲ့သူတွေ ရှိတော့လေ ကျုံးမသန့်ရှင်းအောင်လုပ်တဲ့ အနေအထားမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမယ့် သင်္ကြန်ဆိုလည်း ရေစကားကြတာဆိုတော့ ကျုံးထဲကို ရေဆိုးတွေ ပြန်မဝင် အောင် စီမံနိုင်ရင်တော့ ကောင်းတာပေါ့လေ။ အိမ်တွေကနေပြီးတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အိမ်ကရေနဲ့ ပက်ကြတာမျိုး လုပ်နိုင်တာပေါ့။ ဒါပေမယ့် အခုအခြေအနေက လျှပ်စစ်မီးကလည်း အခက်အခဲဖြစ်၊ ရေကလည်း အခက်အခဲ ဖြစ်နေတော့ အဲလို ပက်ဖို့ကလည်း ဖောဖောသိသီ ပက်ဖို့ကတော့ အခက်အခဲ ရှိနိုင်တာပဲလေနော်။ အဲတော့လည်း ကျုံးဘေး ပက်တာကတော့ အမြဲတမ်း ပတ်နေကြတာပဲလေ။ ခုနကပြောသလိုပေါ့ ကျုံးက ရှေးဟောင်းလည်း ဖြစ်တယ်။ မြို့နေလူ သောက်သုံး သုံးစွဲနေတဲ့ ရေလည်းဖြစ်တော့ အဲဒါကိုတော့ သတိထားရမှာ ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည် ၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်၌ ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ် ၅၅ ခုနှင့် စတုဒီသာမဏ္ဍပ် ၁၅ ခု ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် မဏ္ဍပ်မည်မျှ ခွင့်ပြုထားသည်ကို မသိရှိရသေးပေ။

မန္တလေးမြို့ကို သင်္ကြန်ပွဲတော်ဖြင့် လူသိများ ထင်ရှားသော်လည်း ယခုအခါ ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိဖြစ်ပေါ် နေသည့် နိုင်ငံရေးအခြေအနေများနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုတွေကြောင့် စိတ်ဝင်စားမှု နည်းပါး ကြောင်း မန္တလေးမြို့ ဒေသခံတစ်ဦးဖြစ်သည့် စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ပြောသည်။

“မန္တလေးဆိုတာက သင်္ကြန်မှာ ပိုပြီး ထင်ရှားတာပေါ့လေနော့်။ သို့သော်လည်းပဲ ဒီနှစ်ကတော့ဗျာ လူတွေကလည်း အကုန်လုံး ပြီးခဲ့တဲ့ ကာလတွေမှာ ကပ်ရောဂါဘေးရော၊ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခရေးတွေရော အကုန်လုံး စိတ်တွေဆင်းရဲကြ၊ နောက်ပြီးတော့ လူတွေလည်း သောက၊ ဒုက္ခတွေ အများကြီးပဲ ကြုံတွေ့ နေရတာလေ။ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မတရားကြီးမြင့်နေတယ်။ အခု ဒီနှစ်ဆို ဓာတ်ဆီဈေးက ၉၀၀၀ အထက်မှာ ရှိနေတယ်လေ။ အဲတော့ ဘယ်လိုမှ ပျော်ပါးနိုင်မယ့် အနေအထားလည်း မရှိနိုင်ဘူး။ နောက်ပြီး တော့ အန္တရာယ်တွေကလည်း စိတ်ချရတဲ့ အနေအထားမျိုး မမြင်ဘူးလေ။ သွားရင်းလာရင်းနဲ့လည်း အန္တရာယ်က ရှိနိုင်တာပဲကိုး။ သင်္ကြန်ကတော့ ကျနော်တို့ ကျုံးဘေး လုပ်တာပဲ ဖြစ်ဖြစ်၊ သိပ်ပြီးတော့ စိတ်ဝင်စားမှုလည်း မရှိပါဘူး” ဟု CNI သို့ ပြောသည်။

ထို့နောက် လက်ရှိကာလသည် နိုင်ငံအတွင်း ပဋိပက္ခရှိနေသေးသည့် အချိန်ဖြစ်သည့်အတွက် သင်္ကြန်ရေကစားသူ များအနေဖြင့် သတိထားသင့်ကြောင်း စာရေးဆရာ ဦးဆူးငှက်က ဆက်ပြောသည်။

“သတိတော့ ထားရမှာပေါ့။ အခြေအနေတွေက အင်မတန် ရှုပ်ထွေးနေတဲ့ ကာလလည်း ဖြစ်တယ်။ လူတွေ ကလည်း ပျော်ဖို့ ပါးဖို့ဆိုတာ စိတ်အနေနဲ့ ကြည်ကြည်လင်လင်းရှိမှ ပျော်လို့ပါးလို့ ကောင်းတာလေ။ အဲတော့ အန္တရာယ်တွေလည်း ရှိနိုင်တော့ သတိတော့ ထားရမှာပေါ့။ အားလုံး သတိထားရမှာပေါ့” ဟု ပြောသည်။

မန္တလေး ကျုံးဘေးတွင် ကျုံးရေအား ရေစုပ်စက်ဖြင့် စုပ်ယူကာ ရေပက်ကစားခွင့်ကို ငွေကျပ် ၂ သိန်းခွဲ သတ်မှတ် ထားပြီး မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးကော်မတီမှ ရေကစားခွင့်လက်မှတ်ကို ထုတ်ပေးမည် ဖြစ် ကြောင်း သိရသည်။