CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုများ လျော့နည်းနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ပုံမှန်ခရီးသွားလာမှုများသည့် မန္တလေး၊ ပြင်ဦးလွင်နှင့် အင်းလေးဒေသသို့ သွားရောက်လေ့ရှိသော်လည်း မန္တလေးနှင့်စစ်ကိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုဒေသများမှာ ငလျင်ဘေးသင့် ဒေသ များဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ခရီးသွားများသည် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ပုဂံဒေသနှင့် ကမ်းခြေဒေသများသို့သာ သွားရောက်လည်ပတ်သူအချို့သာ ရှိနိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအနှံ့ခရီးသွားများကို တွေ့ရစဉ်
၎င်းက “ဘာကြောင့်လဲဆိုတော့ ဒီလက်ရှိ လာနေတဲ့ ခရီးသည်တွေကလည်း ဟိုပုဂံ၊ မန္တလေး၊ အင်းလေး ပဲ အဓိကသွားတာကို ပုဂံက ဘာမှမဖြစ်ဘူး။ မန္တလေးကတော့ တော်တော် ဆိုးတယ်။ အင်းဝမှာ ဆိုရင် လည်း သုံးနေရာလောက်ဘဲ ကြည့်လို့ရတော့တယ်။ ကျန်တဲ့နေရာတွေက ရာချီသော ကြည့်သင့်တဲ့ နေရာတွေ အကုန်ပျက်စီးကုန်တာပေါ့ဗျာ။ ပြန်ပြင်ရမဲ့အချိန်နဲ့ အနည်းဆုံး ၆ လ၊ ၁ နှစ် လောက်အတွင်း မှာ Recover ရဖို့အတွက်လုပ်ရမှာ။ ဘာလို့ဆို ကယ်ဆယ်ရေးလုပ်ငန်းတွေ မပြတ်သေးဘူးလေ ပြန်လည် ထူထောင်ရေးတွေ ပြန်လည်တည်ဆောက်ရေးတွေလည်း အချိန်တစ်ခု ယူရဦးမှာ။ အလျူရှင်တွေလည်း လိုအုံးမှာပါ။ သင်္ကြန်တွင်းကတော့ ကျနော်ထင်တယ် Beach(ကမ်းခြေ)ကတော့ သွားနိုင်တဲ့လူတွေ သွား မယ်။ တချို့လည်း ပြည်ပသွားမဲ့ လူတွေသွားမယ်။ ကျန်တဲ့လူတွေကလည်း ပုဂံကတော့ သွား ကောင်းသွားမယ်။ အဓိက ဖြုန်းအားရှိတဲ့ မန္တလေးဘက်ကတော့ သွားနိုင်မှာ မဟုတ်တော့ဘူး” ဟု ပြော သည်။
ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဥ်မည်ဆိုပါက ယခု ၂၀၂၅ ခုနှစ်မှာ ၁ မီလီယံ ပြည့်ရန် မလွယ်ကူကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံကို လာရောက်မည့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားကြောင်း ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။
ထိုအလည်အပတ် ဗီဇာကို အွန်လိုင်းမှတဆင့် လျှောက်ထားမူအား ရပ်ဆိုင်းထားခြင်းဖြစ်ပြီး သံရုံးများသို့ လူကိုယ်တိုင် သွားရောက်လျှောက်ထားမည်ဆိုပါက ရရှိနိုင်ကြောင်း သိရသည်။
ပုဂံဒေသ ခရီးသွားများကို တွေ့ရစဉ်
အလည်အပတ်ဗီဇာကို သံရုံးမှ လျှောက်ထားမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဆင်ပြေပါတယ် သံရုံးရှိတဲ့ နိုင်ငံတွေကတော့ လျောက်တဲ့ပေးတဲ့နိုင်ငံတွေက ပေးပါတယ်။ Tourist ပေါ်ပဲ မူတည်တာပေါ့နော်။ အခုက ဧည့်သည်တွေကလည်း ရှိတော့ရှိတယ်။ ဒီလိုကာလတောင် လာချင်တဲ့လူတွေ ရှိတယ်ပေါ့နော်။ တချို့ကလည်း ဒီကိုလေ့လာချင်တာ ပုဂံ ဘာမှမဖြစ်ဘူးဆိုလည်း လာရောက် လေ့လာချင်တဲ့လူတွေရှိတယ်။ ကျနော်တို့ အနောက်နိုင်ငံတွေကတော့ မဟုတ်ဘူး။ ဂရိတို့၊ စပိန်တို့၊ မက္ကစီကန်တို့၊ အာဂျင်တီးနားတို့ ရှိပါတယ်။ ကျနော်တို့ ဧပြီမှာတောင်နှစ်ဖွဲ့က Cancel ဖြစ်သွား တယ်ပေါ့။ အဲဒါကြောင့် ဒီ Visa on arrival လေးပေးမယ်ဆိုရင်တော့လည်း အဆင်ပြေပါတယ်”ဟု ပြော သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့ စာရင်းအရ ၃၆၄၉ ဦးသေဆုံးပြီး ၅၀၁၈ ဦး ဒဏ်ရာရရှိကာ ၁၄၅ ဦးပျောက်ဆုံးကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် လမ်းတံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ဟိုတယ်များ ပြိုကျပျက်စီးဆုံးရှုံးလျက်ရှိသည်။