CNI International News
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၅
ထိုင်းနိုင်ငံတွင် ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် တရုတ်ခရီးသွားများသည် ထိုင်းနိုင်ငံထက် ဂျပန်၊ စင်္ကာပူ အစရှိသည့် နိုင်ငံများကို သွားရောက်လည်ပတ်ရန် ဦးစားပေး ရွေးချယ်လာကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ယခုနှစ်အတွင်း တရုတ်ခရီးသွား ၉ သန်းခန့်ကို လာရောက်ရန် ဆွဲဆောင်မည့် ထိုင်း၏ ရည်မှန်းချက် သည် အောင်မြင်နိုင်ခြေ ရှိ/မရှိ မေးခွန်းထုတ်နေကြသည်။
ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် လေကြောင်းခရီးစဉ်များကို ခရီးသွားများဘက်မှ ပြန်လည် ပယ်ဖျက်မှုသည် ၉၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Bloomberg Intelligence သုတေသနတွင် ဖော်ပြထားသည်။
ထို့ပြင် ယခုနှစ် တရုတ်နှစ်သစ်ကူး ကာလအတွင်း တရုတ်ခရီးသွားများသည် ဂျပန်နိုင်ငံ၏ ရေပူစမ်းများ၊ နှင်းလျှောစီး ကွင်းများကိုသာ ပိုမိုသွားရောက်ခဲ့ကြသည်။
ဖေဖော်ဝါရီလ၏ ပထမသီတင်းနှစ်ပတ်တွင် ထိုင်းသို့ ခရီးသွားများ လာရောက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ် ကာလတူကထက် ပိုမိုနည်းပါးနေဆဲဖြစ်သည်။
ကျားဖြန့်စင်တာမှ နိုင်ငံခြားသားများကို BGF ကလွှဲပြောင်းဖို့လုပ်နေစဉ်
တရုတ်ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) သည် ယခုနှစ် အစောပိုင်းက ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ပြန်လည်ကယ်တင်ခဲ့ရသည့် ဖြစ်ရပ်ကြောင့် တရုတ်ပြည်မကြီးမှ ခရီးသွား အများစုက တရုတ်နှစ်ကူးကာလတွင် ထိုင်းသို့ သွားရောက်မည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ခရီးသွားကဏ္ဍအပေါ် မှီခိုနေရသည့် ထိုင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများကို ဖိဖိစီးစီး တိုက်ဖျက်နေသော်လည်း ခရီးသွားများ၏ စိုးရိမ်မှုများကို အနည်းငယ်သာ ဖြေဖျောက်နိုင်ခဲ့သည်။
“လုံခြုံရေးကို စိုးရိမ်နေကြတာကြောင့် ထိုင်းခရီးသွားတွေဟာ ထိုင်းကို သွားလည်မယ့် ခရီးစဉ်တွေကို စဉ်းစားနေ ကြပါတယ်။ ထိုင်းရဲ့ လုံခြုံရေးကို မြှင့်တင်နေတဲ့ သတင်းတွေထက် ကျားဖြန့် သတင်းဆိုးတွေက ပိုပြီးများပြား ပျံ့နှံ့ နေပါတယ်” ဟု Bloomberg Intelligence ၏ လေ့လာသူ အဲရစ်ကျူး (Eric Zhu) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်းက ဂျပန်သို့ တရုတ်ခရီးသွား ၉၈၀,၀၀၀ ခန့် စံချိန်တင် သွားရောက်ခဲ့ကြပြီး ထိုအရေအတွက် သည် ပြီးခဲ့သည့်နှစ် ကာလတူကထက် တရုတ်ခရီးသွား အရေအတွက် ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ဂျပန် အမျိုးသား ခရီးသွားလာရေးအဖွဲ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ တရုတ်ခရီးသွား ၇၁၁,၀၀၀ ဦးသာ လာရောက်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်