CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၁၁

ဂျပန်နိုင်ငံရှိ 7-Eleven ကုန်စုံဆိုင်များသည် ဂျပန်သို့လာရောက်သည့် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်သော  အရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဂျပန်၏ 7-Eleven စတိုးဆိုင်များတွင် ထမင်းဆုပ်များ၊ အသားညှပ်ပေါင်မုန့်များ၊ ခေါက်ဆွဲ များ၊ အချိုပွဲများကဲ့သို့ အရသာနှင့် အမျိုးအစား စုံလင်သည့် စားစရာများကို စျေးသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် 7-Eleven ဆိုင်များတွင် ဒေသခံများနှင့် ခရီးသွားများအတွက် ဒေသထွက် အစားအစာများ၊ ရာသီပေါ် အစားအစာများကိုလည်း ရောင်းချနေခြင်းကြောင့် ခရီးသွားများအကြား ရေပန်းစားလျက်ရှိသည်။

7-Eleven ဆိုင်များတွင် ငွေသားနှင့်သာမက ATM စက်များနှင့်လည်း ပေးချေနိုင်သဖြင့် နိုင်ငံတကာသုံး ဘဏ်ကဒ် များကို ကိုင်ဆောင်လေ့ရှိသည့် ခရီးသွားများအတွက် ငွေပေးချေမှု အဆင်ပြေ ချောမွေ့စေခြင်းကြောင့် ဖြစ်သည်။

ဂျပန်က 7-Eleven ဆိုင်ကို တွေ့ရစဉ်

အလားတူ 7-Eleven ဆိုင်များတွင် ပစ္စည်းများ ဝယ်ယူရ အဆင်ပြေစေရန် ပစ္စည်းအမျိုးအစားများကို touch-screen မျက်နှာပြင်များပေါ်၌ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား ဘာသာစကားများဖြင့် ရှင်းပြထားပြီး မိမိနားလည် သည့် ဘာသာစကားဖြင့် ဝယ်ယူနိုင်သည်။

ရထားလက်မှတ်များ၊ ပွဲအခမ်းအနား လက်မှတ်များ ဝယ်ယူနိုင်ခြင်း အွန်လိုင်းရှော့ပင်အတွက် ပါဆယ်များ စုဆောင်းခြင်းတို့ကို ပြုလုပ်နိုင်သဖြင့် ခရီးသွားများအကြား 7-Eleven ဆိုင်များက ရေပန်းစားသည်။

ထို့ပြင် ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး ဖွင့်ထားခြင်း၊ အချို့  7-Eleven  ဆိုင်များတွင် ဝိုင်ဖိုင်များအခမဲ့ အသုံးပြုနိုင် ခြင်း၊ သန့်ရှင်းပြီး ပစ္စည်းများကို စနစ်တကျ ထားရှိမှု၊ ဝန်ထမ်းများ၏ ဖော်ရွေစွာ ဆက်ဆံမှုတို့ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့်  7-Eleven ဆိုင်များသည် ဂျပန်နိုင်ငံ၏ ခရီးသွားများကို ဆွဲဆောင်နိုင်သဖြင့် ခရီးသွားကဏ္ဍနှင့် နိုင်ငံစီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

Source: Nikkei Asia