CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၄

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က တရုတ်ခရီးသွားများအနေဖြင့် တရုတ်နှစ်သစ်ကူး ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ကြရန် မန်ဒရင်းဘာသာစကားဖြင့် ပြောကြားနေသည့် AI ဖြင့် ဖန်တီးထားသော ဗွီဒီယိုတစ်ပုဒ်ကို တင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်ဂိုဏ်းများနှင့် လူမှောင်ခိုကူးမှု သတင်းများကြောင့် တရုတ်ခရီးသွားများအကြား စိုးရိမ်မှု မြင့်တက်နေချိန်၌ ပေတုန်တန်က ထိုဗွီဒီယိုကို ဇန်နဝါရီ ၂၂ ရက်က လူမှုမီဒီယာမှာ တင်ခဲ့ခြင်းဖြစ်သည်။

 ၁ မိနစ်နှင့် ၃၂ စက္ကန့် ကြာမြင့်သည့် AI ဖြင့် ပြုလုပ်သည့် ထိုဗွီဒီယို၌ ဝန်ကြီးချုပ် ပေတုန်တန်သည် တရုတ်၏ အဓိက ဘာသာစကားဖြစ်သော မန်ဒရင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနေသည်ကို တွေ့ရသည်။

သို့သော် လက်တွေ့ အပြင်ဘဝတွင်မူ ပေတုန်တန်သည် မန်ဒရင်း ဘာသာစကားကို ပြောဆိုတတ်ခြင်း မရှိပေ။

“ထိုင်းနယ်စပ်တစ်ဝန်းမှာ လိမ်လည်မှု ကျူးလွန်တဲ့ နေရာတွေက တရုတ်နိုင်ငံသားတွေကို ဖြားယောင်း ခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေက တရုတ်ခရီးသွားတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတာကို ကျမတို့ နားလည်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ခရီးသွားတွေ အားလုံးရဲ့ ဘေးကင်းလုံခြုံမှုကို  အကောင်းဆုံး ဦးစားပေး ဆောင်ရွက်နေပါတယ်”ဟု ပေတုန်တန်က တရုတ်လို ပြောကြားခဲ့သည်။

ထိုင်း- မြန်မာနယ်စပ်တွင် ပြန်ပေးဆွဲမှု သတင်းများအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်၌ တရုတ်နှစ်သစ်ကူး ခရီးသွားရာသီ မတိုင်မီ ထိုင်းနိုင်ငံသည် အလားအလာရှိသော တရုတ်ခရီးသွားများအကြာ ဘေးကင်း လုံခြုံမှု ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

တရုတ်နိုင်ငံရှိ တက်သစ်စ အနုပညာရှင်များသည် ထိုင်း-မြန်မာနယ်စပ်၌ လှည့်ဖြားခံရပြီ ကျားဖြန့်ဂိုဏ်းများထံ ရောက်ရှိသွားရာမှ ကယ်တင်ခဲ့သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် အန္တရာယ်ရှိသော နေရာတစ်ခုအဖြစ် တရုတ်နိုင်ငံသားများအကြား ရေပန်းစားလာခဲ့သည်။

ပေတုန်တန်ကမူ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တိုက်ဖျက်ရန်နှင့် ခရီးသွားများကို ကူညီပေးသည့် စီမံကိန်းများအတွက် ဥပဒေများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အစိုးရအဖွဲ့သည် ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ခရီးသွားများအကြား ယုံကြည်မှုများ မြင့်တက်စေရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

တရုတ်သည် ဇန်နဝါရီလ၏ ပထမဆုံး သီတင်းနှစ်ပတ်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားစာရင်း၌ ထိပ်ဆုံးနေရာ၌ ရှိနေကြောင်း၊ ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးသွား ၁ ဒသမ ၃ သန်းတွင် ခြောက်ပုံတစ်ပုံသည် တရုတ်နိုင်ငံ သားများ ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်