CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၃

ထိုင်းနိုင်ငံသို့ လာရောက်မည့် တရုတ်ခရီးသွားများ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို ကိုယ်တိုင် ပြောကြားလိမ့်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပေတုန်တန်သည် လာမည့်လတွင် တရုတ်သို့ သွားရောက်ချိန်အတွင်း ရှီနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီး ဆိုရာဝေါင် သီယန်သွန်း (Sorawong Thienthong) က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း တရုတ်ခရီးသွား ၉ သန်းခန့် လာရောက်လိမ့်မည်ဟု ခန့်မှန်းထားပြီး ထိုပမာဏ သည် တရုတ်ခရီးသွား ၆ ဒသမ ၇ သန်းရှိခဲ့သည့် ပြီးခဲ့သည့်နှစ်ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်ခြင်းဖြစ်သည်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) သည် ခရီးသွားများအကြား ဘေးကင်းလုံခြုံရေးအတွက် ယုံကြည်မှု ရှိစေရန် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း မစ္စတာဆိုရာဝေါင်က ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်း လုံခြုံမှုနှင့် အပြုသဘောဆောင်သည့် သတင်းများသည် လူမှုမီဒီယာ ပလက်ဖောင်းများ များပြားသည့် တရုတ်၏ ခရီးသွားများအားလုံးထံ မရောက်သေးကြောင်း ၎င်း ပြောသည်။

ပေတုန်တန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

မစ္စတာဆိုရာဝေါင်က သူကိုယ်တိုင်လည်း တရုတ်နိုင်ငံသားများနှင့် အဆက်အသွယ် ရစေရန်အတွက် တရုတ်သံအမတ်နှင့် ဆွေးနွေးခဲ့ပြီး တရုတ်သံအမတ်က ကူညီပေးမည်ဟု ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ပျောက်ဆုံးခဲ့ပြီးနောက် ပြန်လည်ကယ်တင်နိုင်ခဲ့သည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ၏ ဖြစ်စဉ်သည် နှစ်နိုင်ငံပြည်သူများ၏ အာရုံကို ဖမ်းစားခဲ့ကြောင်း ဆိုရာဝေါင်က ပြောသည်။

ပေတုန်တန်သည်လည်း လာမည့်လတွင် တရုတ်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန် စီစဉ်ထားပြီး ထိုခရီးစဉ်တွင် တရုတ်ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး တရုတ်သမ္မတရှီနှင့် ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ရရှိခဲ့သည့် သတင်းများအရ ထိုင်းသို့ လာရောက်သည့် တရုတ်ခရီးသွား အရေအတွက်သည် တစ်ရက်လျှင် ၂၂,၀၀၀ ပျမ်းမျှရှိခဲ့ပြီး ထိုပမာဏသည် နေ့စဉ် ပုံမှန်ဝင်ရောက်သည့် ပျမ်းမျှ တရုတ်ခရီးသွား အရေအတွက် ၁၇,၀၀၀ ထက် ပိုမိုများပြားခဲ့သည်ဟု ဆိုရာဝေါင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်