CNI International News
ဟောင်ကောင်၊ ဇန်နဝါရီ ၁၈
ဂျပန်၏ ယန်းငွေတန်ဖိုး လျော့ကျနေသဖြင့် ဟောင်ကောင်ဒေသခံ အများအပြားသည် ဂျပန်သို့ ခရီးထွက်ဖွယ် ရှိနေကြောင်း ဂျပန်ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ပြည်ပခရီးသွား လာရောက်မှု စံချိန်တင် များပြားခဲ့ပြီး ယခုနှစ်အတွင်း ဟောင်ကောင်ခရီးသွား အများအပြား ဝင်ရောက်လာမည့် အလားအလာသည် ပြည်တွင်း စားသုံးသူကဏ္ဍကို ထိခိုက်စေနိုင်ကြောင်း လက်လီအရောင်းကဏ္ဍမှ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
သို့သော် တရုတ်၏ ရှန်ကျန်း (Shenzhen) ဒေသတွင် နေထိုင်သူများအတွက် အဝင်၊အထွက် ဗီဇာများကို ပြန်လည် ခွင့်ပြုပေးခဲ့ပြီးနောက် တရုတ်ပြည်မကြီးမှ ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခြင်းသည် ပြည်တွင်းစားသုံးသူ ကဏ္ဍအတွက် ထိခိုက်မှုများကို လျှော့ချပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။
EGL Tours အမည်ရှိ ဟောင်ကောင် ခရီးသွားအေဂျင်စီ၏ အမှုဆောင်ညွှန်ကြားရေးမှူး စတိဗ် ဟွမ်ကော့ချွမ် (Steve Huen Kwok-chuen) ကလည်း ယန်းငွေကြေးများ ကျဆင်းမှုကြောင့် ဂျပန်တွင် ပစ္စည်းစျေးများနှင့် အစားအစာစျေးနှုန်းများ ကျဆင်းမည်ဖြစ်သဖြင့် ဟောင်ကောင်ဒေသခံများက ဂျပန်ကို ခရီးထွက်ရန် ရွေးချယ် နေကြကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင် တရုတ်လူမျိုးများကိုတွေ့ရစဉ်
ဟောင်ကောင်နှင့် ဂျပန်အကြား ပြေးဆွဲသည့် လေကြောင်းလိုင်းများကိုလည်း ပိုမိုတိုးချဲ့ပြေးဆွဲနေကြောင်း ၎င်းက ဆိုသည်။
“ဂျပန်က အခုနှစ်ထဲမှာ ဟောင်ကောင်ဒေသခံတွေရဲ့ ထိပ်သီးခရီးသွား နေရာတစ်ခုအဖြစ် ဆက်ရှိနေဦးမယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု စတိဗ်က ပြောကြားခဲ့သည်။
ဟောင်ကောင်ဒေသခံ အများစုသည် ဂျပန်၏ ချယ်ရီပန်းများ ပွင့်လန်းသည့် မတ်လနှင့် ဧပြီလအတွင်း ဂျပန်သို့ ခရီးသွားရန် ဘိုကင်တင်နေကြသည်ဟုလည်း ၎င်းက ဆိုသည်။
ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များတွင် ၂၀၂၄ ခုနှစ်အတွင်း ဂျပန်သို့ ပြည်ပခရီးသွား ၃၆ ဒသမ ၉ သန်း လာရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုခရီးသွား အရေအတွက်သည် ၂၀၁၉ ခုနှစ်က စံချိန်တင်ခဲ့သည့် ခရီးသွား အရေအတွက် ၃၂ သန်းနှင့် ၂၀၂၃ ခုနှစ်က ခရီးသွားအရေအတွက် ၂၅ သန်းထက် ပိုမိုများပြားခဲ့ပြီး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
Source: South China Morning Post