CNI International News

ဟောင်ကောင်၊ ဇွန်လ ၁၂

တရုတ်နိုင်ငံ၊ ရှန်ကျန်း (Shengzhen) မြို့မှ ခရီးသွားတစ်ဦးက ဟောင်ကောင် အငှားယာဉ်မောင်းတစ်ဦးကို ပုံမှန်ကားခထက် သုံးဆနီးပါးဖြစ်သည့် ဟောင်ကောင်ဒေါ်လာ ၆၀၀ (ဘတ် ၂၈၀၀) တောင်းယူခဲ့ကြောင်း စောဒကတက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သူသည် နဂါးလှေလှော်ပြိုင်ပွဲ ပွဲတော်အတွက် ဟောင်ကောင်သို့ ရောက်ရှိလာသည့် ပထမဆုံးနေ့တွင် အငှားယာဉ် မောင်းကားခ ပိုမိုတောင်းယူခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင်အစိုးရက အငှားယာဉ်မောင်းများ၏ ဆိုးရွားသည့် အပြုအမူများကို အရေးယူသော အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ထိုတရုတ်ခရီးသွားက ဇွန်လ ၇ ရက်တွင် စောဒကတက်ခဲ့ခြင်း ဖြစ်သည်။

သူသည် တရုတ်လူမှုမီဒီယာဖြစ်သည့် XiaoHongShu တွင် တူအန်မန် (Tuen Mun) မြို့ရှိ Shenzhen Bay လူဝင်မှုထိန်းချုပ်ရေးနေရာမှ ဟောင်ကောင်နိုင်ငံတကာလေဆိပ်သို့ သွားရောက်ချိန်၌ ကားခ ဟောင်ကောင် ဒေါ်လာ ၆၀၀ ပေးဆောင်ခဲ့ရမှုအပေါ် မကျေနပ်ကြောင်း ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ငွေပိုတောင်းလို့ တရုတ်ခရီးသွားက Taxi နံပါတ်ကို ရိုက်ထားစဉ်

အငှားယာဉ်မောင်းများကို ခေါ်ယူနိုင်သည့် လူမှုမီဒီယာ ပလက်ဖောင်းများဖြစ်သည့် Uber ၊ HK Taxi နှင့် Fly Taxi အက်ပလက်ကေးရှင်းများတွင် ရှာဖွေမှုများအရ ၂၈ ကီလိုမီတာရှိသည့် ထိုခရီးစဉ် အကွာအဝေးကို ကားခ ဟောင်ကောင်ဒေါ်လာ ၂၂၈ မှ ၂၇၈ ဒေါ်လာသာ ကျသင့်ကြောင်း ဖော်ပြထားသည်။

"ဟောင်ကောင်ရဲ့ ဝန်ဆောင်မှုကဏ္ဍဟာ စင်္ကာပူထက် ဆိုးရုံသာမကဘဲ တရုတ်ပြည်မကြီးရဲ့ ဒုတိယအဆင့်နဲ့ တတိယ အဆင့်မြို့တွေရဲ့နောက်မှာ နောက်ကျ ကျန်နေခဲ့ပါတယ်" ဟု ထိုတရုတ်ခရီးသွားက လူမှုမီဒီယာတွင်  ရေးသားခဲ့သည်။

ထိုတရုတ်ခရီးသွားက သူစီးနင်းခဲ့သည့် အငှားယာဉ်၏ နံပါတ်ပြားနှင့် ငွေတောင်းယူသည့် လက်ခံဖြတ်ပိုင်းကို ဓာတ်ပုံရိုက်ကာ ဟောင်ကောင်လေဆိပ်ရဲတပ်ဖွဲ့ကို တိုင်ကြားထားသည်ဟု ပြောကြားခဲ့သော်လည်း ဟောင်ကောင်လေဆိပ်ရဲတပ်ဖွဲ့က မှတ်ချက်ပေးခြင်း မရှိသေးပေ။

Source: ဘန်ကောက်ပို့စ်