CNI International News

ဟောင်ကောင်၊ စက်တင်ဘာ ၁၆

အိန္ဒိယ၏ လူလတ်တန်းစားများသည် ဟောင်ကောင်နှင့် ဗဟိုအာရှ အပါအဝင် ခရီးသွားလာသည့် နေရာအချို့ကို ရှာဖွေဖော်ထုတ်ရန် အာသိသရှိနေသဖြင့် အိန္ဒိယ၏ လူလတ်တန်းစား ခရီးသွားများသည် အာရှတွင် ခရီးသွားလာ ရေးကဏ္ဍအား ပုံဖော်နေသည်ဟု SCMP မှ ဖော်ပြခဲ့သည်။

တစ်နှစ်အတွင်း ခရီး ၂ ကြိမ် သို့မဟုတ် ၂ ကြိမ်ထက်ပိုပြီး သွားရောက် လည်ပတ်လေ့ရှိသည့် အိန္ဒိယနိုင်ငံသား များ၏ အရေအတွက်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ မေလအတွင်း ၃၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အိန္ဒိယ၏ထိပ်သီး အွန်လိုင်းခရီးသွားကုမ္ပဏီဖြစ်သည့် MakeMyTrip Limited က ယခုလ အစောပိုင်း၌  ထုတ်ပြန် ခဲ့သည်။

How India Travels Abroad ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံသား များသည် ကာဇက်စတန်၏ မြို့တော် အယ်လ်မာတီ (Almaty) နှင့် အဇာဘိုင်ဂျန်၏ မြို့တော် ဘာကူ (Baku)တို့ အပါအဝင် ခရီးသွားနေရာဒေသ အသစ်များကို ရှာဖွေဖော်ထုတ်မှု ပိုမိုမြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။

 အိန္ဒိယခရီးသွားများကို တွေ့ရစဉ်

ထို့ပြင် အိန္ဒိယနိုင်ငံသားများအကြား အယ်လ်မာတီမြို့တော်နှင့် ဘာကူမြို့တော်တို့ကို သွားရောက်ရန် ခရီးသွား လာရေး ဝက်ဘ်ဆိုက်များတွင် ရှာဖွေမှု အကြိမ်ရေသည်လည်း ၅၂၇ ရာခိုင်နှုန်းနှင့် ၃၉၅ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။

ဇိမ်ကျကျ ခရီးသွားလာမှုကို စိတ်ဝင်စားသည့် အိန္ဒိယနိုင်ငံသားများလည်း မြင့်တက်လာခဲ့ပြီး ဟောင်ကောင် (Hong Kong) သို့ သွားရောက်လည်ပတ်ရန် အွန်လိုင်းမှ ရှာဖွေမှုများသည်လည်း နှစ်စဉ် ၁၃၁ ရခိုင်နှုန်း မြင့်တက် လာခဲ့သည်။

ဟောင်ကောင်ပြီးလျှင်  အိန္ဒိယနိုင်ငံသားများအကြား ခရီးသွားရန် အွန်လိုင်းမှ ရှာဖွေသည့် နိုင်ငံများထဲတွင် သီရိလင်္ကာ၊ ဂျပန်၊ ဆော်ဒီအာရေဗျနှင့် မလေးရှားနိုင်ငံများက အများဆုံး ရပ်တည်လျက်ရှိသည်။

 အိန္ဒိယခရီးသွားများကို တွေ့ရစဉ်

အထူးသဖြင့် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များအကြား တရုတ်ပြည်မကြီးသို့ ဝင်ရောက်ရန်နှင့် စီးပွားရေးများ လုပ်ဆောင်ရန် ဟောင်ကောင်ကို ဝင်ပေါက်တစ်ခုသဖွယ် ရှုမြင်ထားပြီး ဟောင်ကောင်မြို့ရှိ ကလပ်များနှင့် စားသောက်ဆိုင်စျေးကွက်များကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။

အိန္ဒိယနိုင်ငံသားများ၏ နိုင်ငံတကာ ခရီးစဉ် စုစုပေါင်း၏ ထက်ဝက်ကျော်သည် အပန်းဖြေခရီးများဖြစ်ပြီး ၃၃ ရာခိုင်နှုန်းက မိတ်ဆွေများနှင့် ဆွေမျိုးများဆီ သွားရောက် လည်ပတ်ခြင်းဖြစ်သည်ဟု MakeMyTrip Limited ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသာများအကြား သွားရောက် လည်ပတ်လိုသည့် ထိပ်သီး ၃ နိုင်ငံမှာ ယူအေအီး၊ ထိုင်း၊ အမေရိကန်နိုင်ငံတို့ဖြစ်ပြီး ၎င်းတို့နောက်တွင် စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ရပ်တည်နေသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

Source: SCMP