CNI International News

ကိုလံဘို၊ ဩဂုတ် ၂၃

သီရိလင်္ကာအစိုးရသည် စီးပွားရေးကို ပြန်လည်နာလန်ထူရန်နှင့် ခရီးသွားကဏ္ဍကို မြင့်တက်စေရန်အတွက် တရုတ်၊ အိန္ဒိယနှင့် ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ခရီးသွားများအတွက် ခရီးသွားဗီဇာ ကင်းလွတ်ခွင့် ပြုကြောင်း အတည်ပြုခဲ့သည်ဟု ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် စတင်အကျုံးဝင် သက်ရောက်မည့် ၆ လကြာ အစမ်းကာလ၌ ခရီးသွားများသည် ရက်ပေါင်း ၃၀ ကြာ ခရီးသွားဗီဇာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူနှင့် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဘန်ဒူလာ ဂူနာဝါဒါနာ (Bandula Gunawardana) က ပြောကြားခဲ့သည်။

"အစိုးရရဲ့ ရည်ရွယ်ချက်က ခရီးသွားကဏ္ဍကနေ အကျိုးအမြတ်တွေ ပိုမိုရရှိစေဖို့ သီရိလင်္ကာနိုင်ငံကို စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့လိုမျိုး ဗီဇာကင်းလွတ်ခွင့်ရှိတဲ့ နိုင်ငံမျိုးအဖြစ် ပြောင်းလဲချင်တာ ဖြစ်ပါတယ်" ဂူနာဝါဒါနာက အပတ်စဉ်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံအတွင်းက ဘုရားကျောင်းတစ်ခုကိုတွေ့ရစဉ်

ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများစာရင်းတွင် ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ဩစတြေးလျ၊ ဒိန်းမတ်၊ ပိုလန်၊ ကာဇက်စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ နီပေါ၊ အင်ဒိုနီးရှား၊ ရုရှား၊ မလေးရှား၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်သည်။

လှပသည့်ကမ်းခြေများ၊ ရှေးဟောင်းဘုရားကျောင်းများနှင့် မွှေးကြိုင်သည့် လက်ဘက်ရည်တို့ကြောင့် နာမည်ကြီး သည့် သီရိလင်္ကာ၏ ခရီးသွားကဏ္ဍသည် ၂၀၁၉ ခုနှစ်က Covid-19 ကပ်ရောဂါကြောင့် ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့သည်။

၂၀၂၂ ခုနှစ်က နိုင်ငံအတွင်း အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ချိန်ကလည်း ခရီးသွားဝင်ရောက်မှု ထပ်မံကျဆင်းခဲ့သည်။

သို့သော် လူဦးရေ ၂၂ သန်းရှိသည့် သီရိလင်္ကာ၏ ခရီးသွားကဏ္ဍသည် ပြီးခဲ့သည့်နှစ်က ပြန်လည်နာလန်ထူလာနိုင် ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဩဂုတ်လလယ်ပိုင်းအထိ ခရီးသွား ၂ သန်းခန့် ဝင်ရောက်ခဲ့သည်။ ထိုပမာဏသည် ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ခရီးသွားများ သီရိလင်္ကာနိုင်ငံအတွင်းမှာတွေ့ရစဉ်

ယခုနှစ်ကုန်ပိုင်းတွင်လည်း ခရီးသွား ၂ ဒသမ ၃ သန်းခန့် ဝင်ရောက်လိမ့်မည်ဟု သီရိလင်္ကာအစိုးရက မျှော်မှန်း ထားသည်။

သီရိလင်္ကာသို့ ဝင်ရောက်မှု အများဆုံးခရီးသွားများမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အိန္ဒိယခရီးသွား ၂၄၆၉၂၂ ဦး ဝင်ရောက်ခဲ့သည်။

ထိုခရီးသွားများအနက် ဗြိတိန်ခရီးသွား ၁၂၃၉၉၂ ဦးဝင်ရောက်ခဲ့သည့်အတွက် ဗြိတိန်သည် ဒုတိယနေရာမှာ ရှိနေသည်ဟု သီရိလင်္ကာ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာသည် ၂၀၂၃ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း ခရီးသွားကဏ္ဍမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိခဲ့သည်။

ထိုပမာဏသည် ၂၀၂၂ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း ရရှိခဲ့သည့် ဒေါ်လာ ၈၇၅ သန်းမှ ထပ်မံ မြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်