CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၉

ရန်ကုန်-မန္တလေး-ပြင်ဦးလွင် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကွင်းမှ ကားဂိတ်များက ပြောသည်။

၂၀၂၄ ခုနှစ်၊ ယနေ့ (သြဂုတ်လ ၉ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်-ရန်ကုန် အဆင်းအတွက် ကားလိုင်းများ မထွက်ကြတော့သလို သြဂုတ် ၁၃ ရက်နေ့အထိ လက်မှတ်များ ကုန်နေသည်ဟု လူမှုရက်ကွန်စာမျက်နှာပေါ်မှာ သတင်းများ ထွက်ပေါ်နေသည်။ 

ထို့အတူ ပြင်ဦးလွင်ကနေ ရန်ကုန်ဆင်းလိုပါက ပြင်ဦးလွင်-မန္တလေး ဆင်းရကြောင်း၊ လတ်တလောတွင် ပြင်ဦးလွင်-မန္တလေး ကားခမှာ ဈေးနှုန်း ၂ ဆ တက်သွားကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားနေကြသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ကားများ ပုံမှန်ပြေးဆွဲနေပြီး စျေးနှုန်းများလည်း ၂ ဆ တက်သွားခြင်း မရှိကြောင်း နယူးမန္တလာထွန်း ခရီးသည်ပို့ဆောင်ရေး ကားဂိတ်မှ တာဝန်ရှိသူက ပြောသည်။ 

အောင်မင်္ဂလာ အဝေးပြေးကားကွင်းကို တွေ့ရစဉ်

၎င်းက " အစ်မတို့ကတော့ ပုံမှန်ပဲ‌ ရောင်းနေတာပါ။ ဘယ်သွားသွားပေါ့နော် ဘယ်ခရီးစဥ်ပဲသွားသွား အစ်မတို့က ၂ သောင်းခွဲပဲ‌ ရောင်းတာပါ။ တကယ်လို့ ဒီဂိတ်ဖုန်းကို ဆက်ရင်တော့ ၃၀၀၀ တောင် ထပ်လျှော့ပေးပါတယ်၊ ၂၂၀၀၀ ပဲ ကျမှာပေါ့နော်။ ကားတွေလည်း ပုံမှန်ထွက်နေပါတယ်။ ကားခတွေလည်း စျေးတက်သွားတာမျိုး မရှိပါ ဘူး။ ပုံမှန်စျေးအတိုင်းပဲ‌ ရောင်းနေတာ ဒီထဲမှာ ပွဲစားပါရင်တော့ ခေါ်လာတဲ့အတွက် ၅၀၀၀ တော့ ပို‌ပေးရပါတယ်။ လက်မှတ်တွေ ကုန်သွားတာမျိုး၊ ကားမထွက်တော့တာမျိုးတွေလည်း မဟုတ်ပါဘူး၊ ပုံမှန်အတိုင်းပဲ လည်ပတ်နေ ပါတယ် " လို့ CNI သတင်းဌာနသို့ ပြောပါတယ်။

လက်ရှိ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ပျံ့နှံ့နေသော သတင်းများမှာ သတင်းအမှားများသာ ဖြစ်သည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းမှ ကားဂိတ်များက ပြောသည်။

လက်နက်ကိုင်အင်အားစုများသည် ပြင်ဦးလွင်မြို့ကို တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ပြင်ဦးလွင်မြို့မှာ နေထိုင်ကြသူ အများစုက မန္တလေး၊ ရန်ကုန်၊ နေပြည်တော်သို့ တိုက်ပွဲရှောင်လာနေကြခြင်း ကြောင့် ကားလိုင်းများ ပြေးဆွဲမှုမရှိတော့ဘူးဆိုသော သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။