CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁

လက်ရှိ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရပြီး မြို့နယ်အလိုက်သော်လည်းကောင်း၊ ရပ်ကွက်အလိုက်သော်လည်းကောင်း အခြေခံလူတန်းစားများ ဝယ်ယူနိုင်သည့် ဈေးနှုန်းတစ်ခုဖြင့် မည့်သည့် ဆိုင်တွင်မဆို ဆန်နှင့်ဆီများကို ရရှိရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ယခုအခါတွင် ပြင်ပ၌ ရောင်းချနေသည့် ဈေးနှုန်းထက် ထက်ဝက်ခန့် သက်သာသောနှုန်းထားဖြင့် ဆန်နှင့် ဆီကုန်သည် အသင်းများက ဦးဆောင်၍ ဆန်နှင့်ဆီများကို လိုက်လံ ရောင်းချပေးနေခြင်း ဖြစ်သည်။

ထိုသို့ ဆီများကို မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ရပ်ကွက်တချို့တွင် ကားဖြင့် လှည့်လည်ရောင်းချပေးနေရာတွင် ဈေးနှုန်းသက်သာခြင်းကြောင့် လာရောက်ဝယ်ယူသူ များပြားလျက် ရှိနေပြီး တန်းစီဝယ်ယူနေကြရခြင်းကြောင့် ထိုကဲ့သို့ ရောင်းချနေခြင်းသည် မှားယွင်းနေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ထောက်ပြသည်။

“မနေ့က ဘာမြင်လဲဆိုတော့ တောင်ဥက္ကလာဘက်ရောက်တယ်။ မေတ္တာလမ်းပေါ်မှာ တန်းစီတဲ့ လူကြီးက အရှည်ကြီးပဲ။ ဂျပန်နဲ့သွားတော့ ဂျပန်ကတောင် ဘာလုပ်တာလဲတဲ့ မေးတယ်။ နိုင်ငံခြားသားက စပ်စုတာ ပေါ့နော်။ ဘာလို့ ဘာတွေ တန်းစီနေတာလဲတဲ့။ မဟုတ်ဘူး တို့နိုင်ငံမှာ ဆီတအားဈေးကြီးတယ်။ ဆန်၊ ဆီတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းနေတာကို တန်းစီနေတာလို့ ပြောလိုက်တာ။ ခုထိ တန်းစီတဲ့ စနစ်က မပျောက် သေးဘူး။ စနစ်က မှားနေသေးတယ်။ အမှန်မှာက ဘယ်ဆိုင်သွားဝယ်ဝယ် ဒီဈေးနှုန်းနဲ့ ရနေရမယ်။ ဆန်လည်း ထိုနည်းတူပဲ။ သူတို့ရောင်းတဲ့ဆိုင်ကြီးကျမှ ဆန်ဈေးသက်သာတယ်ဆိုတာ မဖြစ်သင့်ဘူး။ မှားနေသေးတယ်။ ကောက်ရိုးမီးလို လုပ်မယ်ဆိုရင်တော့ တိုင်းပြည်က ဒုက္ခရောက်မှာ။ ခဏပဲ လုပ်ပြသွားလိုက်တယ်။ ပြီးတော့ ဒုံရင်း ဒုံရင်းပဲဆိုတော့ ဘာလုပ်မှာလဲ။ အဲဒီဈေးက တောက်လျှောက်တည်တံ့ခိုင်မြဲဖို့လိုတယ် ၇ ထောင်ဆို ၇ ထောင်နဲ့က။ ဘာလို့လဲဆိုတော့ ၁ ရက် ၂ ရက်နဲ့ လုပ်တဲ့အလုပ်တော့ အားမပေးဘူး။ တောက်လျောက် ဈေးကျ သွားဖို့ အရေးကြီးတာ” ဟု ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့နေ ပြည်သူများကို သက်သာသောနှုန်းထားဖြင့် ဆန်များ ရောင်းချပေးနေစဉ်

လက်ရှိတွင် ဆန်ကို ရန်ကုန်မြို့တွင်း မြို့နယ် ၁၇ မြို့နယ်ရှိ ဆန်ရောင်းချသည့် ၄၂ ဆိုင်တွင် ဧည့်မထ ဆန်ကြမ်း တစ်ပြည်ကို ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား သည်။

ထို့နောက် စားအုန်းဆီကိုလည်း လက်ကားဈေးနှုန်းဖြင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ညောင်ပင်လေး ဈေးနှင့် ရန်ကုန်မြို့ရှိ စားသုံးဆီအရောင်းဆိုင်အသီးသီးတွင် ဆီတန်ချိန် ၁ ဒဿမ ၇ သန်းကို ရောင်းချပေးမည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ထို့နောက် ဆီကို ရပ်ကွက်တချို့တွင် ကားဖြင့် လှည့်လည်၍ သက်သာသောနှုန်းထားဖြင့် လာရောက်ရောင်းချ ပေးနေမှုများ ရှိသော်လည်း ထို့ကဲ့သို့ လာရောက်ရောင်းချခြင်းထက် အဆိုပါဈေးနှုန်းအတိုင်း ဆိုင်တိုင်းတွင် ဝယ်၍ ရမည်ဆိုပါက အဆင်ပြေမည်ဟု အိမ်ရှင်မတစ်ဦးဖြစ်သူ မရတီက CNI သတင်းဌာနသို့ ပြောသည်။

“ဆန်၊ ဆီတွေနဲ့ ပတ်သက်လို့က မေးစရာမလိုအောင်ကို ကုန်ဈေးနှုန်းကို ကျစေချင်တာပေါ့။ ဘယ်သူမဆိုပါပဲ။ အိမ်ရှင်မ ၁၀ ယောက်သွားမေးလည်း အိမ်ရှင်မ ၁၀ ယောက်လုံးက ညီမတို့ စီးပွားရှာနေတဲ့ လူဆိုလည်း ဈေးကို အသက်သာဆုံးပဲ ဖြစ်စေချင်တာပေါ့နော်။ ကုန်ဈေးနှုန်းကတော့ ဈေးသက်သက်သာသာလေးနဲ့ရမယ်၊ အခုလိုမျိုး သူတို့ ဘယ်မှာ ဆီလေးတွေ ပေးမယ်၊ ဘယ်မှာရမယ်၊ အဲဒါလေးတွေကို မျှော်ကိုးပြီး လိုက်တိုးနေရတာထက် ပေါ့နော် အဲဒီလိုမျိုး ဟိုးအရင်တုန်းကလိုပေါ့ သမဝါယမမှာ ဟိုးအရင်တုန်းက သမဝါယမမှာ ပေးမယ်၊ ဒီဆိုင်မှာ သွားလို့ရတယ်ဆိုလို့ရှိရင် ပုံမှန်ဈေးလေးနဲ့ ဆီရောင်းတဲ့ ဆိုင်တိုင်းမှာ ဝယ်လို့ရရင်တော့ အကောင်းဆုံးပဲပေါ့။ အလယ်အလတ်တန်းစား လူတန်းစားဆိုတာ ဒီ ကုန်ဈေးနှုန်းမှာ မရှိတော့ဘူး။ အထက်တန်းစားနဲ့ အတန်းတွေနဲ့ ခွဲလိုက်မယ်ဆိုရင် အခြေခံလူတန်းစား အဲဒီလိုပုံစံ ဖြစ်သွားတာပေါ့။ အလယ်အလတ်တန်းစားဆိုတာ မရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိ ပြင်ပဈေးကွက်အတွင်းတွင် စားအုန်းဆီ တပိဿာလျှင် ကျပ် ၉၂၀၀ ကျော်ဝန်းကျင် ပေါက်ဈေးရှိနေပြီး ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းနှင့် ကျားပျံမှာ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ် ရှိသည်ကို တွေ့ရသည်။