CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

ထိုင်းသို့ MOU မြန်မာလုပ်သားများအား မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှ စေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရာ၌ အလုပ်သမားတစ်ဦးလျှင် ပေးရသည့် ကားခနှုန်းထားသည် နှစ်ဆခန့် ဈေးတက်သွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ဩဂုတ် ၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး MOU လုပ်သားများအား ဩဂုတ် ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည်စေလွှတ်မှု စတင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကားခက ၂၂၀၀၀ ရှိတယ် တစ်ကြောင်းကို။ ရန်ကုန်ကနေ မြဝတီကို ၂၂၀၀၀  ရှိနေတော့  အခုကကြတော့ ၄၅၀၀၀ ဖြစ်သွားတယ်။ နှစ်ဆတက်သွားတာပေါ့နော်။ ဘာလို့လဲဆိုတော့ ပထမကကြတော့ လမ်းပျက်အထိကို ရန်ကုန်က ကားတွေလိုက်ပို့တယ်။ ပြီးသွားရင် ရန်ကုန်ကကားတွေ လှည့်ပြန်ရပြီးတော့မှ ဟိုဘက် မြဝတီက ကားတွေကကြတော့ ဟိုဘက်လမ်းပျက်ကနေ ပြန်ခေါ်တာ။ ကလေးတွေကနေ အဲဒီဟာကို လမ်းလျှောက်ရတာ။ အခုကြတော့ တံတားပြီးသွားပြီဆိုတော့ ဆက်တိုက်တော့ သွားလို့ရပြီ လမ်းတော့ ဆင်းလျှောက်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် ကားတွေကတော့ Traffic ဖြစ်နေသေးတယ်။ နှစ်လမ်းသွားလုပ်မှသာလျှင် အဆင်ပြေမယ်ပေါ့။ အဲဒါလေးကတော့ အချိန်စောင့်ရမယ်လေ။ အဲဒီနားမှာ သွားပိတ်နေတာပေါ့။ အရင်ကကြတော့ အဲဒီဘက်ကို ရပ်ထားတာ မသွားရတော့ ပြဿနာ မရှိဘူးလေ။ MOU ကားလောက်ပဲ သွားရတယ်။ လမ်းကတစ်ခြမ်းပြီးသွားပြီ။ ဒါပေမယ့် အကုန်လုံးပြန်ဖွင့်ပေးလိုက်တော့ ကားတွေက တန်းစီပြီးကြပ်နေတာပဲ” ဟု ပြောသည်။

MOU လုပ်သားများကို တွေ့ရစဉ်

ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များမှ ဆက်ကြေးကောက်ခံရာတွင် လူတစ်ဦးလျှင် ၅၀၀၀ ကျပ်မှ စတင်ကာ သုံးသောင်းခွဲကျပ်အထိ တောင်းခံကြခြင်းများကို ကြုံတွေ့ခဲ့ရသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

လက်ရှိတွင် ထိုင်းသို့ MOU လုပ်သားများအား စေလွှတ်ရာတွင် လမ်းခရီးအခြေအနေကြောင့် ကြန့်ကြာမှုများ  ရှိသဖြင့် ယခင်ပုံမှန် ကြာချိန်ထက် ရက်အနည်းငယ် ပိုကြာသွားခြင်းမျိုးရှိကြောင်းလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက ပြောသည်။

သို့သော် အေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း အလုပ်သမားအား သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်သို့ စေလွှတ်ပေးရမည်ဟု သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ သဘာဝ‌ဘေးများကြောင့် ကြန့်ကြာမှု များရှိရာတွင် ဌာနဆိုင်ရာသို့ အကျိုးအကြောင်း စာတင်၍ ရကြောင်းသိရသည်။

လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “အဲဒါကတော့ ဌာနဆိုင်ရာကို အသနားခံစာတင်ပေါ့။ ဌာနဆိုင်ရာကတော့ ဒါမျိုးဆို သူတို့ နားလည်မှုပေးမှာပါ။ ဘာလို့ဆို ဒါက သဘာဝဘေး အန္တရာယ်ပဲဟာ။ သိပ်တော့ effect ရှိမှာမဟုတ်ဘူး။ ခွင့်ပြုမှာပေါ့ ဌာနက။ နှစ်လမ်းသွားလို့ ရတဲ့အထိ ဖောက်နေ ပြီ။ နောက် ဒီတစ်ပတ် ဒီရက်အတွင်းမှာ နှစ်လမ်းသွားလို့ရတဲ့ အဆင့်ရသွားမှာပေါ့။ အဆင်ပြေနေပါပြီ။ ကုန် ကားတွေ၊ MOU ကားတွေ၊ နောက်ကိုယ်ပိုင်ကားတွေ။ အဲဒီမှာမှ ကုန်ကားတွေကတော့ jam ဖြစ်နေတယ်။ MOU ကားနဲ့ ကားသေးလေးတွေကတော့ ဖြောင့်တန်းကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုက်သင့်တဲ့ ကုန်ကျစရိတ် လေးတွေတော့ ပေးကြရတယ်။ ကုန်ကျစရိတ်လည်း ရှိတယ်” ဟု ပြောသည်။

အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီး လမ်းသားပြိုကျခဲ့သည့်နေရာသည် လမ်းအလျား ပေ ၂၀၀ နှင့် အနက် ၃၅ ပေ ဝန်းကျင်ရှိပြီး လက်ရှိတွင် ထိုနေရာအား ယာယီ ဘေလီတံတား ထိုး ပေးထားကာ ယာဉ်များအား ဖြတ်သန်းသွားလာ ခွင့်ပြုထားခြင်းဖြစ်သည်။

သို့သော် MOU လုပ်သားများအား စေလွှတ်ရာတွင် ယခင်ကကဲ့သို့ လူဦးရေအများအပြား မစေလွှတ်ဘဲ အနည်းငယ်ဖြင့်သာ ပုံမှန်စေလွှတ်နေကြောင်းလည်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ သိရသည်။