CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကာလသည် ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် မြန်မာ့ပြောင်းဆံစျေးနှုန်းသည် ကျဆင်းမှုများ ရှိနေသည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မြန်မာ့ပြောင်းကို ပြည်တွင်းရှိ အစာစက်ရုံများသို့ ရောင်းချရန်အတွက် ဆောင်ရွက်နေကြောင်း၊ ထိုင်း နိုင်ငံက အခွန်ကင်းလွတ်ခွင့် ကာလပြီးနောက် ပြည်တွင်းအစာစက်များက ဝယ်ယူသည့် ဈေးနှုန်းသည်လည်း ကျဆင်းနေသည်ဟု သိရသည်။

မြန်မာ့ပြောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဆွေးနွေးမှုများ ရှိနေပြီး လာမယ့် ၁ လ ၊ ၂ လအတွင်းတွင် ဘိန်းအစားထိုးသီးနှံအဖြစ် တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို တင်ပို့သွားရန်ရှိကြောင်း သိရသည်။

 တောင်သူများကိုတွေ့ရစဉ် 

တရုတ်နိုင်ငံနှင့် တခြားသော လမ်းကြောင်းများမှ တင်ပို့မှုများ ရှိလာမည်ဆိုပါက ပြောင်းဈေးနှုန်းများ ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ ဘယ်မှသွားတာ မတွေ့သေးပါဘူး။ ပြောင်းတွေကတော့ ပြည်တွင်း အစာစက်တွေ ကိုပဲ ရောင်းဖို့ကြိုးစားနေပါတယ်။ ထိုင်းပိတ်သွားပြီဆိုတော့ ပြည်တွင်းအစာစက်တွေကလည်း ဈေးတွေကျပါ တယ်။ တရုတ်ဘက်ကလည်း တရားဝင်သွားဖို့ကတော့ လောလောဆယ် မရှိသေးဘူး။ သို့သော် နောက် ၁ လ၊ ၂ လမှာ ဘိန်းအစားထိုးနဲ့တော့ သွားဖို့ရှိပါတယ်။ ဘာပဲပြောပြော ဟိုဘက်က ဝယ်မယ်ဆိုရင်တောင် ဒီဘက်က ရောင်း နိုင်တဲ့ဈေးနဲ့ သူ့ဘက်က ဝယ်နိုင်တဲ့ဈေးပေါ့နော် ကိုက်ညီရင်တော့ ရောင်းလို့ရနိုင်ပါတယ်။ 
လောလော ဆယ်တော့ ကူမင်းမှာ ကုန်စည်ပြပွဲတုန်းကတော့ ပြောင်းနဲ့ ပတ်သက်တဲ့ ရောင်းဖို့ဝယ်ဖို့လေးတွေတော့ ထိုက်သင့် သလောက်တာ့ ပါတယ်။ လောလောဆယ် အထိတော့ မဖြစ်သေးတော့ ပြောရတာ ခက်သေးတယ်ပေါ့နော်။ ဒီ ကြားထဲမှာ တခြားလမ်းတွေပေါ့ ပင်လယ်ရေကြောင်းကနေ သွားတဲ့လမ်းကြောင်းတွေ၊ တရုတ်ကိုလည်း တခြား လမ်းကြောင်းနဲ့ ရောင်းလို့ချလို့ ရပြီဆိုရင်တော့ ဈေးကတော့ ပြန်ပြီးတော့ တက်လာနိုင်ခြေ ရှိပါတယ်။ တရုတ် ကလည်း သူတို့လိုချင်ရင်တော့ ဝယ်ဖို့အတွက်ကို ပြင်ဆင်ထားတဲ့ သဘောရှိတယ်” ဟု ပြောသည်။

မြ၀တီ-ကော့ကရိတ်လမ်းပျက်စီးနေမှုကိုတွေ့ရစဉ်

မြန်မာ့ပြောင်းကို တရုတ်နိုင်ငံက ဝယ်ယူမှုများ ရှိသော်လည်း ကုန်ကျမှုစရိတ် ကြီးမြင့်ခြင်းနှင့် တရုတ်နိုင်ငံက ဝယ်ယူသည့် ဈေးနှုန်းသည် နည်းပါးခြင်းကြောင့် တရုတ်သို့တင်ပို့မှုသည် အနည်းငယ်သာရှိပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီ ၂ လတွင်သာ ရှမ်းပြည်နယ်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကို တင်ပို့ ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် မြန်မာ့ပြောင်းကို ဝယ်ယူရာ၌ ဈေးကောင်းပေးဝယ်ခြင်းကြောင့် ကုန်သည်များက ထိုင်းနိုင်ငံသို့ ပိုမို တင်ပို့ကြကြောင်း၊ လက်ရှိတွင် အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသွားခြင်းကြောင့် ဈေးနှုန်း ကျဆင်းလာ ခြင်း ဖြစ်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပြောင်းဈေးနှုန်း တစ်ပိဿာ ၁၂၀၀ ကျပ်သည် တောင်သူများအတွက် အကျိုးအမြတ် ရရှိမှု နည်းပါးသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြော သည်။

မြန်မာ့ပြောင်းဖူးကိုတွေ့ရစဉ်

၎င်းက “မဆိုးတော့ မဆိုးဘူးပေါ့လေ။ အမြတ်တော့ နည်းတာပေါ့။ ကောင်းတယ်လို့လည်း ပြောလို့မရဘူး။ ဆိုး တယ်လို့လည်း ပြောလို့မရဘူး။ အလယ်အလတ်တန်းမှာ ရှိနေတာပေါ့ ဈေးနှုန်းက။ အမှန်ဖြစ်ရမှာ ဒီအချိန်မှာ တော့ ဈေးနှုန်းက ၁၃၀၀ ကျော် ဖြစ်နေရမှာလေ။ အနောက်ကနေ လိုက်ရတဲ့ မြေဆီတို့၊ ဆီဈေးတွေနဲ့ဆိုရင် ပြောင်းဆံဈေးက ၁၃၀၀ ကျော် ဖြစ်နေရမှာ။ ဒါပေမယ့် အခုက ၁၂၀၀ ဝန်းကျင်လောက် သွားနေတာဆိုတော့ နည်းတဲ့အပိုင်းမှာ ပါသေးတာပေါ့။ အမြတ်သိပ် မများဘူးပေါ့၊ ရှုံးတာတော့ မရှုံးဘူးပေါ့ တောင်သူက။ တောင်သူ လက်ဝယ်မှာလည်း မရှိသလောက် ဖြစ်သွားပြီလေ။ ရှမ်းဘက်က ရောင်းတဲ့စနစ်နဲ့ ကျနော်တို့ ဧရာဝတီဘက်က ရောင်းတဲ့စနစ် မတူဘူး။ ရှမ်းဘက်က အများဆုံး ရောင်းတဲ့တောင်သူတချို့က သူတို့က ပေါ်ရင်လည်း သူတို့ဟာသူ တို့ သိမ်းဆည်းပြီးတော့ ထိုင်းဘက်က ဖွင့်ခါနီးကျမှ အများဆုံး ထုတ်ရောင်းတာ များတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးခါနီး ရက်ပိုင်းအလိုတွင် မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းရှိ မြေပြိုကျမှုကြောင့် လမ်းပိုင်းများ ပျက်စီးသွားခဲ့သည်။

ထို့နောက် ပျက်စီးသွားသော လမ်းပိုင်းနေရာအတွက် ပြန်လည်ပြုပြင်ပြီး ကုန်တင်ကားများ ဖြတ်သန်း၍ ရရှိခဲ့ သော်လည်း ကားပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေသည့် ပြောင်းဆံ ၂၅ ရာခိုင်နှုန်းခန့် ကျန်ရှိခဲ့ကြောင်း၊ ထိုပြောင်းဆံများသည် တခြားသော လမ်းကြောင်း များဖြင့် သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းမှ တဆင့် အခွန်ပေးဆောင်၍ တင်ပို့ကြရမည် ဖြစ်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

မြန်မာ့ပြောင်း လက်ကျန်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးထွက် ပြောင်းဆံများအနေဖြင့် အိတ် ၁ သောင်း ဝန်းကျင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် အိတ်ရေ ၂ သိန်းခန့်သာ ကျန်ရှိသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

မိုးပြောင်းများအနေဖြင့် ယခုလတွင် ရိတ်သိမ်းမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးထွက် ဆောင်းပြောင်းများ အနေ ဖြင့် ဖေဖော်ဝါရီလတွင် ရိတ်သိမ်းသည်ဟု သိရသည်။