CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပြောင်းကို အိန္ဒိယသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြုလိုက် ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

အိန္ဒိယနိုင်ငံက အခြားနိုင်ငံများမှ ပြောင်းတင်သွင်းရာတွင် အကောက်ခွန် ၆၀ ရာခိုင်နှုန်းအပြင် စုပေါင်းကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၅ ရာခိုင်နှုန်း၊ လူမှုဖူလုံ‌ရေး ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း စုစုပေါင်း ၇၅ ရာခိုင်နှုန်းအထိ ကောက်ခံနေခြင်းဖြစ်သည်။

လက်ရှိ အိန္ဒိယနိုင်ငံ၏ ပြောင်းလိုအပ်ချက်အရ မြန်မာနိုင်ငံမှ တင်ပို့သည့် ပြောင်းများကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပြောင်းကိုတွေ့ရစဉ်

၎င်းက “သူတို့ ပြည်နယ်ပေါ့ဗျာ၊ ဥပမာ ကိုးကတ္တားဆိပ်ကမ်းတို့ ဘာတို့ သူတို့ဘက်က အသင်းတွေလည်း ရှိတာ ပေါ့။ သူတို့ကနေပြီးတော့ ဒီဘက်နဲ့ ညှိနှိုင်းပြီးတော့ သူတို့ဘက်မှာလည်း duty free ရအောင်ပေါ့ duty free ရအောင် ပြောဆိုကြပြီးတော့ ဒီဘက်နဲ့ ဆက်သွယ်ပြီးတော့ အကောင်အထည် ဖော်လာတဲ့သဘော။ အဲဒီလို ဖြစ်တာဆိုတော့ အဲဒီလိုလေးတွေကတော့ သွားနေတာပေါ့လေ။ ဟိုဘက်ကလည်း သူတို့က လိုအပ်ချက် ရှိနေ တယ်။ ကျနော်တို့ ဒီကလည်း တခြားနိုင်ငံကို ပို့နေတယ်။ အခြေအနေ ပေးလာတယ်၊ ဈေးတွေကလည်း ပြန်ကောင်းလာတယ်၊ ဒါမျိုးတွေ ဖြစ်နေတော့ ဖြစ်တဲ့အချိန်မှာ သူတို့ဘက်ကလည်း လိုအပ်ချက်ရှိတယ်၊ ဒီဘက် ကလည်း ရောင်းနိုင်တယ်၊ ထိုင်းတို့ ဘာတို့ ပို့နေတယ် သိတဲ့အခါကျတော့ သူတို့ရဲ့ လိုအပ်ချက်ကိုလည်း ဒီကနေ တဆင့် ညှိနှိုင်းလာတာပေါ့။ ညှိနှိုင်းလာတော့ ဒီဘက် စမ်းပို့လာတဲ့ သဘောမျိုးပါပဲ ကျနော်တို့မြင်တာတော့လေ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်၌ အိန္ဒိယနိုင်ငံတွင် အစေ့ထုတ်ပြောင်း တန်ချိန် ၃၈ သန်းကျော် ထွက်ရှိသော်လည်း ယခုနှစ်၌ တန်ချိန် ၃၅ သန်း ဝန်းကျင်ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ကြက်မွေးမြူရေးကဏ္ဍတစ်ခုတည်းပဲ နှစ်စဉ် ပြောင်းတန်ချိန် ၁ သန်းခန့် ထပ်ဆောင်း လိုအပ်ချက် ဖြစ်ပေါ်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တင်ပို့ခွင့် ရရှိထား သော်လည်း အိန္ဒိယနိုင်ငံက အခွန်ကင်းလွတ်ခွင့်ကို မည်ကဲ့သို့ သတ်မှတ်ပေးထားသည်ကို မသိရသေးပေ။

ပြီးခဲ့သည့် မတ်လနှင့် မေလအတွင်းတွင် အိန္ဒိယနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ခဲ့သော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံ ၏ ပြောင်းဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက် ရှိနေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပြောင်းကိုတွေ့ရစဉ်

၎င်းက “လွန်ခဲ့တဲ့ မတ်လ၊ ဧပြီ၊ မေလ လောက်မှာတော့ အိန္ဒိယကို သွားပါတယ်။ သွားလို့လည်း အိန္ဒိယကိုလည်း ရောင်းတယ်ပေါ့နော်။ လောလောဆယ် ထိုင်းဈေးက နည်းနည်းသာတော့ ထိုင်းဘက်ကို တက်ကြတယ်ပေါ့နော်။ ထိုင်းနဲ့ သွားတာထက်စာရင် ကိုက်တယ်ပေါ့နော် အဲဒီလိုတော့ ပြောသံကြားတယ်။ အရင်တုန်းက အိန္ဒိယက ထိုင်းထက်စာရင် ဈေးလေးနည်းနည်းသာတော့ ရောင်းကြတယ်ပေါ့နော်။ အဲဒီတုန်းက စာချုပ်တွေကျန်လို့ အခုလက်ရှိ ပို့နေတာတော့ ရှိကောင်းရှိနိုင်တယ် နောက်ထပ် အသစ်ကတော့ မပြောတတ်ဘူး။ အခုလက်ရှိ သွားနေတာ တော်တော်များများကတော့ ထိုင်းကိုပဲ အခြေပြုပြီး သွားနေကြတာ” ဟု ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းကို သင်္ဘော ၃ စီး တင်ပို့ထားပြီး စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ်သင်္ဘော ၁၀ စီး ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ နှစ်စဉ် ပြောင်းတန်ချိန် ၂ သန်းခန့် တင်ပို့လျက်ရှိပြီး နယ်စပ်မှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိနေကြောင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများသို့ တင်ပို့ကြသည်။