CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပထမ ၃ လစာ လျာထားချက်ကို ၂ လအတွင်း ပြည့်မီ ကျော်လွန်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပထမ သုံးလပတ်ဖြစ်သည့် ဧပြီ၊ မေလနှင့် ဇွန်လအတွင်း ပြောင်းတန်ချိန် ၃ ဒသမ ၈ သိန်း တင်ပို့နိုင်ရန် လျာထား ခဲ့ရာ မေလကုန်အထိ ၂ လအတွင်း တန်ချိန် ၄ ဒသမ ၇၈ သိန်း တင်ပို့နိုင်ခဲ့ခြင်းကြောင့် လျာထားချက်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်တင်တွဲကားများဖြင့် တင်ပို့ကြရ သည့်အတွက် တန်ချိန် အနည်းငယ်သာ တင်ပို့နိုင်ခဲ့သည်။

လက်ရှိတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တင်ပို့ကြရခြင်းကြောင့် တန်ချိန် အမြောက်အများ ဆံ့သည့် သင်္ဘောဖြင့် တင်ပို့ကြ၍ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ပြောင်းကိုတွေ့ရစဉ်

သို့သော်လည်း လာမည့် လများတွင် လျာထားချက် ပမာဏကို ပြည့်မီအောင် တန်ပို့နိုင်ရန်အတွက် ရာသီဥတုနှင့် သင်္ဘောဆိုက်ကပ်မှု အခြေအနေပေါ်၌ မူတည်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှန်တကယ်တော့ ပြောင်းရဲ့ သဘာဝကတော့ ပွင့်လင်းရာသီပေါ့နော်၊ ပွင့်လင်းရာသီမှာ သွားကြတာ တွေ အားလုံးက သင်္ဘောတွေနဲ့ သွားကြတော့ တန်ချိန်များတာပေါ့နော်။ ဟိုတုန်းကတော့ မြဝတီတို့ဘာတို့က တွဲကားတွေနဲ့ပဲ ရောင်းရတာလေ။ အဲဒီလိုလေးတွေတော့ ရှိတာပေါ့လေ။ နောက်လတွေရော ပြည့်မီနိုင်လားဆိုရင် တော့ ရာသီဥတုနဲ့ သင်္ဘောကပ်လို့ရတဲ့ အခြေအနေနဲ့ အခြေအနေပေါ် မူတည်မှာပေါ့လေ။ အဲဒီလိုပဲ ပြောလို့ရ တယ်” ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ပြောင်းဈေးနှုန်း မြင့်တက်မှုနှင့် ထိုင်းဘတ်ငွေ လဲလှယ်သည့်နှုန်းထား မြင့်တက်မှုကြောင့် ပြည်တွင်းပြောင်းသည် ဈေးကောင်းရနေပြီး တောင်သူများ မျှော်မှန်းထားသည့် ၁ ပိဿာ ၁၂၀၀ ကျပ်ထက် ကျော်လွန်၍ ၁ ပိဿာ ၁၄၀၀ ကျပ်အထိ ရရှိနေကြောင်း သိရသည်။

မြန်မာ့ပြောင်းများကို ပြည်ပပို့ရန် ပြင်ဆင်နေကြစဉ်

ထို့ပြင် ထိုင်းနိုင်ငံသို့ ပြောင်းအဓိက တင်ပို့သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် အသုံးပြု၍ အဆင်မပြေသည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့နေမှု သည်လည်း ယခင်ကထက် ပို၍များပြားနေသည်ဟု တာချီလိတ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒီဘက်လည်း များတယ်၊ ခါတိုင်းနှစ်ထက် များတယ်။ မြဝတီ ပိတ်လို့လေ။ ပြောင်းတောင်သူ စိုက်တာ လည်း နည်းနည်း များတယ်လေ။ တာချီလိတ်မှာ အခုဆို တစ်အိတ်ကို ၄၇,၀၀၀ ပေါက်တယ်လေ။ အရင်က ၃၀,၀၀၀ ကျော်ပဲ ပေါက်တာလေ။ ရှေ့လတွေက ၃၀,၀၀၀ ကျော်ပဲ၊ ဒီတစ်လမှ ခုန်တက်သွားတာလေ။ တစ်အိတ်ကို ၈၀၀၀/၉၀၀၀/၁၀၀၀၀ လောက်အထိ တက်သွားတာလေ။ ဒါပေမယ့် မိုးရာသီလမ်းက နည်းနည်း ပျက်တော့ စောင့်ရတာပေါ့ ကြာသွားတယ်။ လမ်းပန်းဆက်သွယ်ရေးက နည်းနည်းခက်ခဲတော့” ဟု ပြောသည်။

ထိုင်းနိုင်ငံက မြန်မာ့ပြောင်း တင်ပို့မှုကို ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန် ကင်းလွတ်ခွင့် ပြုထား ခြင်းကြောင့် ပြောင်းပို့ကုန်များ လျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း ကုန်သည်များထံမှ သိရသည်။