CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ 

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ကြရမည်ဟု ပို့ကုန်ရငွေမူဝါဒ ပြောင်းလဲလိုက်ခြင်းကြောင့် ပို့ကုန်တင်ပို့မှုအပိုင်းတွင် တိုးတက်ကောင်းမွန် လာမည်ဟု ကုန်သည်များက ပြောသည်။

ထိုသို့ လုပ်ဆောင်ပေးခြင်းကြောင့် ပို့ကုန်တင်ပို့မှု အပိုင်းတွင် ပို၍ ကောင်းမွန်လာမည်ဟု မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပိုကောင်းလာတာပေါ့၊ အရင်တုန်းက ၆၅ - ၃၅၊ အခုလည်း ၆၅ - ၃၅ ဖြစ်သွားတယ်။ ၆၅ ရာခိုင်နှုန်းကို import  ပြန်သွင်း၊ ၃၅ ရာခိုင်နှုန်းတော့ မြန်မာငွေနဲ့ ပြန်လဲပေါ့နော်။ အဲဒီနောက်ပိုင်းကိုလည်း နောက်ထပ် ဖြေလျှော့မှုတွေ ရှိပါသေးတယ်။ သို့သော် နိုင်ငံတော်က တရားဝင် မထုတ်ပြန်သေးတော့ မပြောသေးဘူးပေါ့နော်။ အကြမ်းဖျင်းအားဖြင့်တော့ ဘယ်သီးနှံ၊ ဘယ်သီးနှံတွေရဲ့ ပို့ကုန်ရငွေကို ဘယ်နှရာခိုင်နှုန်းနဲ့ ဘယ်အမျိုးအစား သွင်းခွင့်ပြုတယ်ပေါ့နော်၊ ဒီထက် ဖြေလျှော့ထားတာပေါ့။ အခု အချိုးထက် နည်းနည်း နိမ့်သွားသော အချိုးနဲ့ အဲဒီမျိုးလည်း နောက်ထပ် အမိန့်ကြော်ငြာစာတွေ ထွက်လာဖို့ ရှိတယ်။ ပို့ကုန်တင်ပို့မှု အပိုင်းကတော့ ပိုပြီးတော့ တင်ပို့လာနိုင်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ တွက်ချက်ထားတာပေါ့နော်။ ဘယ်ကုန်တွေ ဘယ်ကုန်တွေ ရောင်းရတဲ့ဟာတွေကတော့ ဒီနိုင်ငံမှာ ဒေါ်လာ သန်းဘယ်လောက် ရတယ်ပေါ့နော်၊ ပြန်သွင်းမယ့်ဟာက ဒေါ်လာ သန်းဘယ်လောက် ချိန်ဆပြီးတော့ ပို့ကုန်အမယ်တွေနဲ့ ဘယ်အုပ်စုကတော့ ဘာပြန်သွင်းခွင့်ပြုတယ်၊ ဘယ်အုပ်စု ကတော့ ဘာပြန်သွင်းခွင့်ပြုတယ် ဆိုတာမျိုးတွေလည်း ဖြေလျှော့မှုအသစ်ပေါ့ လာပါလိမ့်မယ် နောက်ပိုင်း” ဟု ပြောသည်။

တရုတ်ဘက်သို့ ဖရဲသီးများ တင်ပို့ရန်သွားနေသည့် ကုန်ကားများကိုတွေ့ရစဉ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆန်၊ ပဲ၊ ပြောင်း တင်ပို့နေသည့် လုပ်ငန်းရှင်များကို လက်ရှိတွင် စက်သုံးဆီ တင်သွင်းခွင့် ပေးထားသည်။ 

အလားတူ ရော်ဘာတင်ပို့သော လုပ်ငန်းရှင်များအနေဖြင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများနှင့် ဓာတ်မြေဩဇာကိုလည်း တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

ထို့နောက် ပို့ကုန်ရငွေ မူဝါဒအား ယခင်က ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် လဲလှယ်ရသည့် ပုံစံမှ လက်ရှိတွင် ၃၅ ရာခိုင်နှုန်းသာ လဲလှယ်ကြရမည်ဖြစ်သည့်အတွက် ပို့ကုန် တင်ပို့သူများအနေဖြင့် အကျိုး အမြတ် ရရှိမှု ပို၍ များလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပို့ကုန်တော့ နည်းနည်း တိုးတက်လာမှာပေါ့။ ဆန်အပိုင်းလည်း တက်လာမှာပါ။ အခုကတော့ နည်းနည်း လေး နိုင်ငံခြားငွေ ပိုရတော့လေ။ ပို့ကုန်တော့ နည်းနည်း ပို့တဲ့လူ ပိုများလာပါတယ် အခုကတော့။ လိုင်စင်ကို ဖြေလျှော့ထားတာလေးတွေ၊ လိုင်စင်ကို လျှော့ထားတာလေးတွေတော့ မရှိပါဘူး၊ တချို့ဟာလေးတွေ နည်းနည်း သူတို့ ဖြေလျှော့ထားတာလေးတွေ နည်းနည်းလေး ကျနော်တို့ အရန်ဆန်သွင်းတာတို့၊ ဘာတို့ နည်းနည်းလေး လျော့ကျသွားတာတွေ ရှိပါတယ်။ သူတို့ နည်းနည်းလေး စာရွက်စာတန်း ကြာတာပါ။ ချတာတော့ ချပေးပါတယ်၊ နည်းနည်း ဆန်အသစ်ထွက်တဲ့ အချိန်ကတော့ export ကို ဦးစားပေးကြပါတယ်။ ပို့ကုန်ငွေ နည်းနည်းလေး ပိုရ တော့ ပြည်တွင်းဈေးတွေလည်း တက်လာတာပေါ့” ဟု ပြောသည်။

ပို့ကုန်ရငွေကို ဖြေလျှော့မှုများ လုပ်လာခြင်းကြောင့် လက်ရှိတွင် ပြည်တွင်းပဲဈေးကွက်၊ ဆန်ဈေးကွက်နှင့် ပြောင်း ဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှုရှိလာကြောင်း တောင်သူများထံမှ သိရသည်။

သို့သော်လည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှု ရှိနေခြင်းကြောင့် အကျိုးအမြတ်အနေဖြင့် အနည်းငယ်သာ ရှိသေးကြောင်း၊ နေရာဒေသအလိုက် ဈေးနှုန်းများ ကွာခြားမှုရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက် တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်တင်ပို့ရန် လုပ်ဆောင်နေစဉ်

၎င်းက “အခု တစ်ပိဿာ ၁၁၀၀ ကျော် ၁၁၀၀ ဝန်းကျင်လောက် သွားနေတာပေါ့။ ပြောင်းဈေးလေးမှာတော့ တစ် ပိဿာကို ၁၀/၁၅ ကျပ်လောက် တက်လာတယ်။ တန်ဆာခတွေမှာလည်း အခုအနေအထားအရ နည်းနည်း ဈေး တက်တာပေါ့လေ ဆီဈေးတက်တော့ ကားဈေးတွေကပါ နည်းနည်း လိုက်တက်တဲ့ သဘောပေါ့။ အဲဒီတော့ တောင်သူတွေကတော့ အခုချိန်ထက်ထိ  သိပ်ပြီးတော့ မထူးခြားသေးတဲ့ သဘောတော့ ရှိတယ်။ ပြောင်းဈေးလေး က ရှေ့မှာ တက်ရိပ်ကလေး ပြထားပေမယ့် အနောက်က ဆီအတွက်ကြောင့် သယ်ယူပို့ဆောင်ရတဲ့ စရိတ်က တက်လာတော့လေ သိပ်မကွာသေးဘူးပေါ့။ တစ်အိတ်ကျတော့လည်း တချို့ကျတော့ ပိဿာနဲ့ပေါ့။ တစ်ပိဿာကို ၅၀/၁၀၀ တချို့ကျတော့လည်း ၄၀/၄၅ ကျပ် သူ့နေရာဒေသနဲ့ ကွဲသွားတာပေါ့။ အစ်ကိုတို့ဘက်တွေက ရန်ကုန်နဲ့ နီးတော့ မော်တော် ရေလမ်းကြောင်းများတယ်။ ကုန်သည်တွေ အကုန်လုံးက ၃ ပုံ ၂ ပုံလောက်က ရေလမ်း ကြောင်းနဲ့ သွားတယ်။ ၁ ပုံလောက်ပဲ ကားနဲ့သွားတာဆိုတော့ ရေလမ်းကြောင်းစရိတ်ပဲ ဒီဘက်ကတော့ သွားကြ တယ်။ ကျနော်တို့ကတော့ နည်းနည်း နီးတဲ့အပိုင်း ပါတာပေါ့လေ။ တချို့ ဝေးတဲ့နေရာဆို တစ်ပိဿာကို တစ်အိတ်ကို ၁၀၀၀ လောက် သွားကြမှာပေါ့၊ တစ်ပိဿာကို ၃၀/၃၅ ကျပ် သွားကျမယ်” ဟု ပြောသည်။

ပို့ကုန်တိုးတက် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့် အနေဖြင့် သီးခြားကုန်သွယ်မှု လွတ်လပ်ခွင့် တစ်ခုအနေဖြင့် သွင်းကုန်တင်သွင်းခွင့် ပြုထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များကို ပြည်ပဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိနေပြီး လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတဆင့် တင်ပို့နိုင်ရန် ပြင်ဆင်လျက် ရှိနေသည်။