CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ပြည်ပပို့ကုန်လုပ်ငန်းများ ကန့်သတ်ခြင်းနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ခြင်းများဖြင့် အမေရိကန် ဒေါ်လာ လိုအပ်ချက် ကို ထိန်းညှိနေရသော နစကသည် မည်သည့်အတွက်ကြောင့် ဒေါ်လာလိုအပ်ချက် ဖြစ်နေရသနည်းဟု မေးခွန်း ထုတ်မှုများ ရှိနေသည်။ 

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများတွင် လက်နက်ခဲယမ်းများ လိုအပ်ချက်ကို ဖြည့်စီးနိုင်ရန်အတွက် ပြည်ပမှ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေး ဒေါ်လာ လိုအပ်ချက်များ ဖြစ်နေခြင်းကြောင့် နိုင်ငံခြားငွေများ ထိန်းချုပ်လာ ခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားတချို့က ပြောသည်။

နစကသည် ပြည်သူများအတွက် မဖြစ်မနေ အသုံးပြုနေရသော ပြည်တွင်းတွင် မထုတ်လုပ်နိုင်သည့် စက်သုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စားသုံးဆီ နှင့် တခြားသော ကုန်စည်များကို ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ရှိကာ ကန့်သတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု Via Logistic & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသီဟပိုင်က “လက်နက်က ဒီလောက် သိပ်ဝယ်စရာ မလိုပါဘူး ကျနော်တို့ မြင်တာကလေ။ ဒီမှာလည်း ကိုယ့် ဟာကိုယ် ထုတ်နိုင်တာတွေ ထုတ်နေကြတာပဲလေ။ တချို့ ပြန်တောင်ရောင်းတယ်လို့ ကြားနေရတာပဲလေ။ ဝယ် တယ်ဆိုတာက နည်းပညာတွေကို အသစ်တွေကို ဝယ်ရတာ။ အဲဒီဟာက အဓိက မဟုတ်ဘူးလို့ ကျနော်တော့ မြင် တယ်။ အဓိကက ကျနော်တို့ဆီမှာ မရှိမဖြစ် ဝယ်ရတဲ့ဟာတွေ ရှိတယ်။ တကယ်ကို လိုတယ်ပေါ့နော်။ စက်သုံးဆီ ကဏ္ဍတို့ ဘာတို့ဆို သူတို့က ဒေါ်လာနဲ့ပဲ သွားရတာလေ။ အစိုးရကိုယ်တိုင်ကလည်း ဒီဟာကို လုပ်ပြီးတော့ ဝယ် နေတယ်။ ဥပမာ စက်သုံးဆီ ဈေးကွက်တို့၊ ဆေးဈေးကွက်တို့၊ ဆေးဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနကနေ ဘယ် လောက် ဘယ်လောက်ဆိုပြီး ဝယ်နေရတာပဲလေ နှစ်စဉ် အဲဒီလိုမျိုးတွေ ရှိတယ်။ စစ်တပ်တစ်ခုရယ်လို့ ပြောလို့မ ရဘူး။ ဒါက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဆိုပြီးတော့ သပ်သပ်ရှိသေးတာကိုး။ အဲဒီအနေအထားမှာတော့ မဖြစ်မနေ ဝယ်ရမယ့်ဟာတော့ ရှိတယ်ပေါ့နော်။ စက်သုံးဆီဆို ပြည်သူတွေအတွက်လည်း သုံးတာပဲ။ သူတို့ဆီမှာ ကားရှိ တယ် ကျနော်တို့ဆီမှာလည်း ကားရှိတာပဲ။ ပြီးတော့ ဒီဘက်မှာလည်း ဆေးဝါးဆိုရင် ကျနော်တို့က ဝယ်ထားရ တာပဲ။ ဥပမာ တချို့ဆေးတွေက ထိန်းချုပ်ဆေးဝါးတွေက အစိုးရရဲ့ ထောက်ခံချက်နဲ့ တချို့နိုင်ငံတွေက ရောင်းကြ တာလေ။ ဓာတ်မြေဩဇာကဏ္ဍတို့ ရှိသေးတာပဲလေ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရေးလုပ်ဖို့။ စားသုံးဆီကိုပဲကြည့် အဲဒါလည်း နိုင်ငံခြားကနေ ဝယ်ရတာ။ အဲလိုကဏ္ဍတွေမှာတော့ မဖြစ်မနေ ဝယ်ရတဲ့ ပစ္စည်းတွေ ရှိတယ်။ ဝယ်ပြီ ဆိုရင်တော့ အောက်က ကုမ္ပဏီတွေကတဆင့် အသင်းအဖွဲ့တွေ၊ အသင်းအဖွဲ့တွေကတဆင့် အစိုးရ၊ အစိုးရက တဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့် သွားရတဲ့ လုပ်ငန်းတွေ ရှိတယ်” ဟု ပြောသည်။

ဒေါ်လာနဲ့မြန်မာငွေကိုတွေ့ရစဉ်

ပြည်တွင်း ဒေါ်လာ လိုအပ်ချက်ကြောင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများမှ ဒေါ်လာများကို ထိန်းချုပ်ခြင်းသည် ရေရှည်တွင် ပြည်ပတင်ပို့သည့် ပို့ကုန်လုပ်ငန်းများကို နှောင့်နှေးသွားစေနိုင်ခြင်းကြောင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးများတွင် တရုတ်ယွမ်နှင့် မြန်မာ ကျပ်ငွေ တိုက်ရိုက်ပေးချေခြင်း၊ ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေခြင်း၊ အိန္ဒိယရူပီးနှင့် မြန်မာကျပ် ငွေ တိုက်ရိုက်ငွေပေးချေခြင်းစနစ်ကို ကျင့်သုံးမှုများရှိသော်လည်း ဒေါ်လာ လိုအပ်ချက်သည် ရှိနေဆဲဖြစ်သည်။

နစကအနေဖြင့် နိုင်ငံတကာမှ ငွေချေးထားသည့် အကြွေးများကို ပြန်ဆပ်ရာတွင်လည်း ဒေါ်လာဖြင့်သာ ပေးချေရ ကြောင်း၊ စာရင်းအတိအကျ သိရှိမှသာ မည်သည့်အတွက်ကြောင့် ဒေါ်လာ လိုအပ်သည်ကို ပြောဆိုနိုင်မည် ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “အစိုးရအနေနဲ့ကျတော့ ဘာအတွက် လိုတာလဲဆိုတာ စာရင်းတွေ အတိအကျ မသိဘူး။ မသိတဲ့ အခါ ကျတော့ မှန်းပြီးတော့ ပြောနေရတဲ့ အခါကျတော့ သူတို့ အရင်က အကြွေးတွေ ဆပ်ဖို့အတွက် ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာဖြစ်တော့ အဲဒါက သူသတ်မှတ်ထားတဲ့ ရက်ရောက်လို့ရှိရင် ဒေါ်လာ လိုပြီပေါ့နော်။ အကြွေး ဆပ်ဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောတာ။ အဲဒီအတွက် လိုတယ်လို့ ပြောဖို့ဆိုရင် သူတို့ဆီက စာရင်း တွေသိမှ ပြောလို့ရမှာ။ လက်နက်ဆိုရင်လည်း ရုရှားလက်နက် မဟုတ်ဘဲနဲ့ အစ္စရေးတို့၊ အရှေ့အလယ်ပိုင်းကတို့ ဝယ်မယ်ဆိုလို့ရှိရင် ဒေါ်လာနဲ့ ချေရမယ်ပေါ့နော်။ ရုရှားက ဝယ်မယ်ဆိုလို့ရှိရင်တော့ ရူဘယ်နဲ့ ဝယ်လို့ရတာပေါ့။ စာရင်းတွေ အတိအကျသိမှ ဘာကြောင့် လိုတယ်ဆိုတာ ပြောလို့ရမှာ” ဟု ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ ဝင်ရောက်မှုများ ရှိနေသည်။

သို့သော်လည်း လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့် ထပ်မံဝင်ရောက်နိုင်မှုများ နည်းပါး ခြင်းကြောင့် နစကအနေဖြင့် အမေရိကန်ဒေါ်လာကို မရရသည့် နည်းလမ်းဖြင့် လုပ်ဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

သဘာဝဓာတ်ငွေ့ထုတ်လုပ်နေစဉ်

ဦးရဲထွန်းက “အစိုးရက ဒေါ်လာဝင်နေတာကတော့ သဘာဝသယံဇာတကိုရောင်းတဲ့ ကိစ္စတွေကပေါ့ ဥပမာ သဘာဝဓာတ်ငွေ့တို့၊ ရေနံတို့ အဲဒါကနေပြီးတော့ ဒေါ်လာဝင်နေတာ ရှိတယ်။ တရုတ်ကနေပြီးတော့ ရေနံပိုက် လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခတွေ ရတယ်။ အဲဒါတွေက နဂိုကတည်းက ဒေါ်လာနဲ့ပဲ ရတာလေ။ ဆိုတော့ အခုနောက်ပိုင်းမှာ လေ့လာကြည့်တာတော့ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံနဲ့ တက်လာတဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ သူတို့က ဒေါ်လာငွေတွေ ပိုက်လာတဲ့အတွက် မြန်မာငွေနဲ့ လဲပြီးတော့ မြေငှားမယ်၊ အဆောက်အအုံ ဆောက်မယ်၊ ဝန်ထမ်းတွေ ငှားမယ်ဆို မြန်မာငွေ ပြန်ပေးတာပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လာရင်တော့ အစိုးရလည်း ဒေါ်လာရမယ်၊ ကိုယ့်ပြည်သူတွေလည်း အလုပ်အကိုင်တွေ ရမယ်။ ဆိုတော့ အဲဒီဟာတွေက ထွက်သွားပြီး နောက်ထပ် လာဖို့ကလည်း သိပ်ပြီးတော့ မမြင်ရတဲ့အခါကျတော့ မရရအောင် ဒေါ်လာကို သူ့ဆီ မရောက်ရောက်အောင် လုပ်ရမယ် ဖြစ်လာတာ” ဟု ပြောသည်။

ဒေါ်လာနှင့် ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီကို ၂၀၂၁ ခုနှစ်က တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တင်သွင်းခဲ့ရ ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ကြောင်း၊ ကျန် ၂၀၂၂-၂၀၂၃ အတွင်း အခြေ အနေကိုတော့ တင်ပြထားခြင်း မရှိသေးကြောင်း သိရသည်။

ထို့နောက် စားသုံးဆီအနေဖြင့် တန်ချိန် ၁၁ သိန်းခန့် စားသုံးသည့်အနက် တန်ချိန် ၉ သိန်းကျော်ကို ပြည်ပမှ တင်သွင်းနေရလျက် ရှိသည်။