CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၉

မြန်မာနိုင်ငံက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အိန္ဒိယဘက်ခြမ်းကို မှီခိုနေရခြင်းကြောင့် ကုန်သွယ်ရေးဂိတ် များ ပိတ်သွားလျှင် ဒေသတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ တွေ့နိုင် သည်ဟု နာဂအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ပြောသည်။

နာဂဒေသသည် မြန်မာပြည်မကြီးဘက်မှ သယ်ယူပို့ဆောင်ရေး အလွန်ခက်ခဲပြီး ကုန်ကျစရိတ် ကြီးမားသဖြင့် အိန္ဒိယနိုင်ငံ၏ အာသံနှင့် အရုနာချယ်ပရာဒေ့ရှ် ပြည်နယ်တို့ဘက်မှ ကုန်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိ သည်။

မြန်မာဘက်ခြမ်းရှိ နာဂဒေသမှ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် မြို့များသည် အိန္ဒိယဘက်ခြမ်းဖြင့် ကုန်သွယ် ရေးဂိတ်များ ဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုကို အဓိက ပြုလုပ်လျက်ရှိသည်။

နာဂဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အိန္ဒိယအား မှီခိုနေရသည့်အတွက် အိန္ဒိယလမ်းကိစ္စကို ပြန်လည်ပြီး တရား ဝင် လမ်းကြောင်းများဖြစ်အောင် ဆွေးနွေးသွားမည်ဟု NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ကို တွေ့ရစဉ်

၎င်းက “ဒေသဖွံ့ဖြိုးရေးလို့ ပြောတဲ့အခါမှာ အိန္ဒိယကိုပဲ အဓိကမှီခိုတဲ့ အတွက်ကြောင့်မို့လို့ အိန္ဒိယလမ်း ကိစ္စတွေ ကိုပဲ ကျနော်တို့ ပြန်ပြီးတော့မှ ဒါတွေကိုလည်း နိုင်ငံတော်အဆင့် စကားပြောပြီးတော့ ဒါတွေ ကို ပြန်ပြီးတော့မှ အကောင်းဆုံးဖြစ်အောင် တရားဝင် လမ်းကြောင်းတွေဖြစ်အောင် ဆွေးနွေးဖို့ ကျနော် တို့ရှိတယ်ဗျ။ လက်ရှိတော့ အိန္ဒိယလမ်းကြောင်းတွေ ပိတ်လိုက်တဲ့အခါကြတော့ ပြည်သူတွေ ဒုက္ခ ရောက်တာပေါ့။ ဒုက္ခရောက်တယ်ဆိုတာ ကျနော်တို့က လောလောဆယ် အိန္ဒိယဘက်ကပဲ မှီခိုပြီးတော့ မှ ကျနော်တို့ နန်းယွန်း၊ ပန်ဆောင်ပေါ့။ ပန်ဆောင် လမ်း ပိတ်လိုက်တဲ့အခါမှာ နန်းယွန်းနဲ့ ပန်ဆောင်က တော့ တော်တော် ဒုက္ခရောက်နေကြတယ်။ ဒီစားဝတ်နေရေး ကိစ္စတွေက  ဒီအိန္ဒိယဘက်ကပဲ အဓိက ကျနော်တို့ မှီခိုပြီးတော့မှ သွားနေတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်။ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီကိစ္စ တွေကိုလည်းပဲ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့က ပေါင်းစပ် ညှိနှိုင်းပြီးတော့မှ ကျနော်တို့ ဆွေးနွေးသွားပါလိမ့်မယ်။ လောလောဆယ်ကတော့ လဟယ်မြို့နယ် နာဂလန်း နယ်စပ်ပေါ့။ အဓိက ဒီဟာကိုပဲ ဦးစားပေးပြီးတော့မှ သွားနေကြတယ်။ အဲဒီလမ်းကြောင်းကတော့ လက်ရှိအထိက တော့ အဆင်ပြေတယ်။ ဒါပေမယ့် လမ်းမကောင်းတာကလွဲလို့ပေါ့နော်။ ကုန်သွယ်စီးဆင်းမှုလေးကတော့ ပုံမှန် သွား အဆင်ပြေတယ်ဗျ”ဟု ပြောသည်။

နာဂဒေသနှင့် အိန္ဒိယကို ချိတ်ဆက်သည့် ပန်ဆောင် တောင်ကြားလမ်းကြောင်းသည် အဓိက နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အာဏာပိုင်များက ပိတ်လိုက် သည်။

ထို့နောက် မြန်မာပြည်မ ဘက်ကနေ ရေလမ်းကြောင်းဖြစ်သည့် မုံရွာ- ဟုမ္မလင်း- ခန္တီး ရေလမ်းကြောင်းမှာလည်း မြစ်ကြောင်း ကျဉ်းနေခြင်းနှင့် PDF များ စိုးမိုးထားခြင်းကြောင့် သယ်ယူပို့ဆောင်ရန် ခက်ခဲနေ၍ ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိသည်။ 

နာဂဒေသတွင် ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး နာဂလန်းကို အားကိုးပြီး ရှင်သန်နေရသည့် အနေအထား ရှိကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ်ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ပန်ဆောင်ဂိတ် ပိတ်ထားတာက ကျနော်တို့လည်း ကောင်းကောင်းကန်းကန်းကတော့ မသိရသေးဘူးဗျ။ ညှိနှိုင်းနေတယ်လို့တော့ ကျနော်တို့ သိထားရတယ်။ အခု လောလောဆယ်တော့ နာဂလန်းကိုပဲ အားကိုးပြီးမှ ရှင်သန်နေရတဲ့ အနေအထားရှိတယ်။ ဘာလို့ဆို ဆန်၊ ဆီ၊ ဆားကအစ ဓာတ်ဆီ၊ ဒီဇယ်တို့က အစပေါ့နော်။ နာဂလန်း ထဲကနေပဲ တင်သွင်းနေရတာပေါ့ဗျာ”ဟု ပြောသည်။

လဟယ်မြို့နယ်ထဲက နာဂကျေးရွာ တစ်ရွာကို တွေ့ရစဉ်

ယခင် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) နှင့် အိန္ဒိယစစ်တပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အိန္ဒိယအစိုးရက နယ်စပ်ဂိတ်များ (ဥပမာ- ပန်ဆောင်ဂိတ်) ကို ပိတ်ပစ်သည့်အခါ နာဂဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ချက်ချင်း ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

လက်ရှိ ပန်ဆောင်ဂိတ် ပိတ်လိုက်သည့်အတွက် နန်းယွန်းရှိ ပြည်သူလူထုကမူ အခက်အခဲ အကျပ်အတည်း ဖြစ်သွားနိုင်ပြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အရမ်းအခက်အခဲ ကြုံတွေ့သွားနိုင်ကြောင်း နာဂအမျိုးသားပါတီ(NNP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတော့ ဒီနယ်စပ်နဲ့တော့ ချိတ်ဆက်မှုတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ပန်ဆောင်ဂိတ် ပိတ်လိုက်တာနဲ့တော့ ကျနော်တို့ နန်းယွန်းမှာရှိတဲ့ ပြည်သူလူထုကတော့ ဒါအခက်အခဲ အကျပ် အတည်းတော့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဒီဘက်မှာရှိတဲ့ လဟယ်ဘက်မှာရှိတဲ့ ဂိတ်တွေက တော့ မပိတ်သေးတဲ့ အခါကြတော့ အကြောင်းအရင်းကတော့ ဂဃနဏတော့ မရှိပါဘူး။ သူတို့က‌တော့ ဒီခြံစည်း ရိုး ခတ်မယ်ဆိုတဲ့ပုံစံနဲ့ သွားတာပေါ့။ ကျနော်တို့ကျတော့ ဟိုဘက်မှာလည်း ကိုယ့်နာဂတွေရှိတယ်၊ ဒီဘက်မှာ လည်း ကိုယ့်နာဂတွေရှိတယ်။ ကိုယ့်နာဂတွေရှိတယ်။ အဲဒီ ဂိတ်ကြီးတွေ ပိတ်တယ်၊  ခြံစည်းရိုးတွေ ခတ်လိုက် တယ်ဆိုရင် ကျနော်တို့ ဟိုဘက်နာဂ၊ ဒီဘက်နာဂတွေ ကျနော်တို့ ကူးသန်းဆက်ဆံနေတဲ့ကိစ္စတွေ၊ ကုန်စည် စီးဆင်းမှုတွေကအစ ဒါအရမ်းအခက်အခဲ ဒါကြုံသွားနိုင်တယ်ပေါ့နော်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင် နယ်စပ်ဂိတ်သည် နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့၏ အစီအစဉ်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။