CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများအား လျှော့ချမှုမဖြစ်စေရန်အတွက် ယခု ဇူလိုင်လတွင် အစိုးရသစ်တစ်ရပ် အမြန်ဖွဲ့စည်းရန်လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌ၏ ပြောကြားမှုအား မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ခံခဲ့ကြသည်။

ထိုင်းသည် အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားများကို အဓိကအားထားကာ စီးပွားရေးလုပ်ကိုင်နေရခြင်း ဖြစ်သော်လည်း လက်ရှိ၌ ထိုင်းလူမျိုးများသာမက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများသည် လုပ်ခလစာနှင့် အချိန်ပိုကြေး နည်းသည့် လုပ်ငန်းခွင်အား စွန့်ခွာကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းများ ရှိနေကြသည်။

ထို့ကြောင့် လစ်လပ်နေရာများတွင် ရွှေ့ပြောင်းလုပ်သားများကို အစားထိုးရန်မှာ မူဝါဒပြဋ္ဌာန်းချက်များ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် အစိုးရတစ်ရပ် အမြန်ဖွဲ့စည်းရန်လိုအပ်ခြင်းဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

“ကျန်ခဲ့တဲ့လက သူတို့ထောက်ပြထားတာရှိတယ်။ သူတို့ရဲ့ အခြေခံအလုပ်တွေပေါ့ ထိုင်းလူမျိုးတွေအတွက် ဝန်ဆောင်မှုအပိုင်းလုပ်ငန်းတွေမှာ ဥပမာ ထားပါတော့ ဟိုတယ်ခရီးလုပ်ငန်းစဉ်မှာတောင်မှ ထိုင်းတွေက မလုပ် တော့ဘူး။ သူတို့အနေနဲ့ သူတို့က တခြား ဒီထက်ပိုပြီးတော့ လုပ်အားခကောင်းတဲ့နိုင်ငံတွေကို သွားတာတို့၊ ကိုယ်ပိုင်စီးပွားရေးလုပ်တာတို့၊ freelance လုပ်တဲ့ဟာတို့ အဲဒါမျိုးတွေ ဖြစ်ကုန်တယ်။ အဲဒီအခါကျ အဲဒီလို နေရာတွေမှာ လစ်လပ်လာတာပေါ့။ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေမှာ အစားထိုးဖို့အတွက် ရွှေ့ပြောင်း အလုပ် သမားတွေအနေနဲ့ ဒီဟာမျိုး တချို့လုပ်ငန်းတွေဆို အစားထိုးပြီး လုပ်လို့ရတယ်။ ဒါပေမယ့် ဒီ ဥပဒေတွေအရ ကန့်သတ်ထားတဲ့အခါကျတော့ နောက်ပြီးတော့ အစိုးရအပြောင်းအလဲ မလုပ်နိုင်ဘူး၊ ဝန်ကြီးဖွဲ့ အစည်းအဝေး မလုပ်နိုင်ရင်၊ ပါလီမန် မလုပ်နိုင် မဖွဲ့နိုင်တဲ့အခါတွေမှာ ပြဋ္ဌာန်းချက်တွေပေါ့နော်။ ရွှေ့ပြောင်းလုပ်သားများနဲ့ သက်ဆိုင်တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို လုပ်ဖို့က ခက်တယ်လေ။ အဲဒီတော့ သူတို့အတွက် ဒီဟာ ကြန့်ကြာစေတာပေါ့။ အဲဒါကို သူတို့က ဒီဟာမျိုး အလုပ်သမားပြတ်လပ်မှုကြောင့် ထုတ်ကုန်စီးဆင်းမှု သို့တည်း မဟုတ် ဝန်ဆောင်မှုအပိုင်းတွေမှာ လျော့မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မယ်ဆိုတဲ့ဟာကို ထောက်ပြ တာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားတစ်ဦး(ဓါတ်ပုံ-Getty Images)

လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများအနေဖြင့်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအား အချိန်ပြည့် စောင့်ကြည့်နေရကြဆဲဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း ဝန်ကြီး ချုပ်နေရာအား မဲခွဲဆုံးဖြတ်မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားကြသည်။

ထိုင်းတွင် ထုတ်ကုန်နှင့် ပို့ကုန်ကဏ္ဍအား မကောင်းပါက လာမည့်နှစ်ကုန်၌ အလုပ်သမားများ နှုတ်ထွက်ခြင်း ဖြစ်ပေါ်လာနိုင်ကာ တရားဝင်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန် မျှော်လင့်ပြီး အစိုးရသစ်အနေဖြင့် ပို့ကုန် ကဏ္ဍကို အရေးတကြီး တွန်းအားပေးရန် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌက တောင်းဆိုထားသည်။

ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံ၌ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ အလုပ်သမားရှားပါးမှု အများအပြား ရှိနေပြီး အချို့သော စက်ချုပ်လုပ်ငန်းများတွင် အလုပ်သမားလိုအပ်ချက် အများအပြားရှိနေသည်ဟု Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ရာထူးအဖြစ် နေရာအများစုအနိုင်ရထားသည့် Move Forward ပါတီခေါင်းဆောင် ပီတာ ရေပန်းစားနေပြီး ၎င်းဝန်ကြီးချုပ်ဖြစ်လာပါက ရွှေ့ပြောင်းလုပ်သားများအတွက် အပြောင်းအလဲ ဖြစ်လာမည်ဟု ယုံကြည်ကြောင်းလည်း ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။

လက်ရှိ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ပီတာ

“စာရွက်စာတမ်းလုပ်တဲ့ဟာတွေမှာ တစ်ခေါက်လုပ်တဲ့ဟာနဲ့ နောက်တစ်ခေါက်လုပ်တဲ့ဟာတွေ မတူညီတာတွေ ဖြစ်နိုင်တယ်။ ဥပမာ ဒီ process ကိုသွားရင် ဒီ process အတိုင်းပဲ သွားရမှာပေါ့။ ဆိုလိုတဲ့ အဓိပ္ပါယ်က ထိုင်းနိုင်ငံ သားတစ်ယောက်က နိုင်ငံသားကဒ်လျှောက်မယ်၊ လုပ်မယ်ဆိုရင် နံပါတ်တစ် နံပါတ်နှစ် ဘာလုပ်ရမယ်ဆိုတဲ့ process က ရှိနေပြီးသား။ ကျနော်တို့မှာက စာအုပ်တစ်ခေါက်လုပ်လိုက်ရင် တစ်မျိုး  လုပ်ရင် နောက်လုပ်ငန်းစဉ် တစ်မျိုးပြောင်းတယ်။ နောက်တစ်မျိုးလုပ်ရင် နောက်လုပ်ငန်းစဉ် တစ်မျိုး ပြောင်းတဲ့အခါကြတော့ လူတွေက အဲဒီလုပ်ငန်းစဉ် လုပ်ဆောင်ချက်တွေကို နားမလည်တာရယ်၊  လိုက်မမီတာရယ် အဲဒါကြောင့်ဖြစ်နိုင်တယ်။ အခုကတော့ လွှတ်တော်တွေဘာတွေလည်း ပေါ်လာပြီဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ အကျိုးရှိလာမယ်။ ဘာဖြစ်လို့ဆိုလို့ရှိရင် ဒီအစိုးရသစ်နဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့ အစုအဖွဲ့ တွေနဲ့လည်း ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ ပြုပြင်ပြောင်းလဲရမယ့် မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ ချဉ်းကပ်မှုတွေကလည်း ရှိတဲ့အခါကြတော့ အပြောင်းအလဲတွေကတော့ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသံတွေကို နားထောင်မယ်လို့ ယုံကြည်တယ်” ဟု  ၎င်းက ပြောသည်။

ထို့အပြင် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်မှ ဥက္ကဋ္ဌက ထိုင်းပြည်တွင်း စီးပွားရေး၏ အကျပ်အတည်းသည် အိမ်ထောင်စု ကြွေးမြီ၏  ၉၀ ဒဿမ ၆ ရာခိုင်နှုန်းတွင် လျှပ်စစ်မီးနှင့် အတိုးအပါအဝင်ဖြစ်ပြီး ထိုင်းလူမျိုးများ၏ နေထိုင်မှုစရိတ်ကြီးမြင့်မှုသည် ဝယ်လိုအား နှေးကွေးစေရန် ဖိအားတစ်ခုလည်းဖြစ်ကာ အစိုးရသစ်တက်လာပါက စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန် တောင်းဆိုထားကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။