CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ထိုင်းနိုင်ငံတစ်ဝှမ်းရှိ လုပ်သားအားလုံးကို လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်၍ တစ်ရက် အတွက် အနိမ့်ဆုံး လုပ်ခလစာနှုန်းထားအား ၂ ဘတ်မှ ၁၆ ဘတ်အထိ တိုးမြှင့်ရန် ဒီဇင်ဘာ ၉ ရက်နေ့က သတ်မှတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်မှ ရေးသားဖော်ပြခဲ့သည်။

ထို နှုန်းထားမှာ အင်မတန်နည်းပါးသဖြင့် ထိုင်းဝန်ကြီးချုပ်က အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ သုံးပွင့်ဆိုင်ကော်မတီနှင့် ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ အတည်ပြုချက် မထွက်လာသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

သို့သော် ဒီဇင်ဘာ ၉ ရက်နေ့က သတ်မှတ်လိုက်သည့်  ၂ ဘတ်မှ ၁၆ ဘတ် နှုန်းထားသာ တိုးနိုင်ခြေများ ကြောင်း၊ လုပ်ခလစာနှုန်းထား လုံးဝ မတိုးခြင်းထက် ယခုကဲ့သို့ ၂ ဘတ် မှ ၁၆ ဘတ်တိုးခြင်းသည် မပြော ပ‌လောက်သည့် ပမာဏဖြစ်သော်လည်း လုပ်သားများအတွက် အနည်းငယ် အထောက်အကူဖြစ်ကြောင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

“တကယ့်တကယ်က ဒီလောက်တော့ အထောက်အကူ မဖြစ်ပါဘူး။ သို့သော်လည်း တစ်ပြားမှ မရတာထက် စာရင် ၁၆ ဘတ်တိုးတဲ့ နေရာကြတော့ နည်းနည်းလေး၊ နည်းနည်းလေးပါပဲ။ အထောက်အပံ့လေး နည်းနည်းလေး ဖြစ်တယ်။ အဲဒီတော့ cabinet အစည်းအဝေးမှာ အခုနောက်ဆုံး အတည်ပြုလိုက်တဲ့ ၂ ဘတ်ကနေ ၁၆ ဘတ်အထိ တိုးတယ်ဆိုတဲ့ ပြည်နယ်အလိုက်ပေါ့။ အဲဒီပျမ်းမျှနှုန်းနဲ့ တိုးတဲ့ဟာကို ဝန်ကြီးအဖွဲ့ကနေ အတည်ပြုပေးရမှာ။ ဒါပေမယ့် အဲဒီလို အတည်ပြုဖို့ဆိုတာက ပြောရမယ်ဆိုရင် အဲဒီအဆင့်အထိ မရောက်ဘူး။ ဒီနှစ်မကုန်ခင်မှာ ဒီဟာကို ဆုံးဖြတ်ချက် တစ်ခုခုပေးဖို့ ပြောထားတာကိုတော့ တွေ့ရတယ်။ အဲဒီတော့ ဘာဖြစ်လာမလဲတော့ အသေအချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

ယခု သတ်မှတ်ထားသည့် နှုန်းထားများအနက် မြန်မာလုပ်သားများရှိသည့် ချွန်ဘူရီတွင် ၃၅၄ ဘတ်အစား ၃၆၁ ဘတ်၊ ကန်ချနဘူရီတွင် ၃၃၅ ဘတ်အစား ၃၄၅ ဘတ်၊ တာ့ခ်တွင် ၃၃၂ ဘတ်အစား ၃၄၅ ဘတ်တို့ ဖြစ်သည်။

သို့သော် ယခင်တိုးမြှင့်ပေးထားသည့် တစ်ရက် အခြေခံလုပ်ခလစာအတိုင်း လက်ရှိအချိန်အထိ အပြည့်အဝ မရရှိသေးသည့် ရွှေ့ပြောင်းလုပ်သား အများအပြားရှိနေကြောင်း‌ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင် ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းနိုင်ငံမှာက ခေတ်အဆက်ဆက် လုပ်ခလစာကို တစ်သတ်မတ်တည်းပေးတာ မဟုတ်ဘဲနဲ့ ပြည်နယ်အလိုက်၊ တိုင်းအလိုက် ဒီလုပ်ခလစာတွေကို သတ်မှတ်ထားတာရှိတယ်။ မဲဆောက်မှာဆို ၃၀၀ သတ်မှတ်တယ်၊ ၃၂၀၊ ၃၂၃ ဘတ်၊ ၃၃၃ ဘတ် အစရှိသဖြင့် ဒီလိုသတ်မှတ်တယ် ဥပဒေထဲမှာ။ ဒါပေမယ့် တချို့နေရာတွေ ၈၀ ရာခိုင်နှုန်း လောက်မှာ ၂၂၀ ကနေ ၂၅၀ ပဲ ရှိတယ်။ ဥပဒေအတိုင်း လုပ်ခလစာပေးတဲ့ စက်ရုံတွေ အင်မတန် နည်းပါတယ်။ ရှိတော့ ရှိတယ် နည်းတယ်ပေါ့။ ဒါတွေကို မလုပ်နိုင်ဘဲနဲ့ လုပ်ခလစာ တိုးပေးတယ်ဆိုတဲ့ ကြေညာချက်တွေဟာ လူအများစုရှိတဲ့ မြန်မာအလုပ်သမားတွေ အတွက်တော့ အကျိုးသက်ရောက်မှုရှိဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ့ကိုတွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ်က တစ်ရက်အနိမ့်ဆုံး လုပ်ခလစာသည် ဘတ် ၄၀၀ ဝန်းကျင်အထိ ဖြစ်သင့်ကြောင်း ပြောသော် လည်း ကော်မတီအဖွဲ့က ယခုနှုန်းထားသည် ပြည်နယ်ကော်မတီခွဲများ၏ တင်ပြချက်အတိုင်းသာ ဗဟိုမှဆုံးဖြတ် ရခြင်းဖြစ်ကြောင်း၊ နှုန်းထား ပြန်ပြောင်းမည်ဆိုပါက ပြည်နယ်ကော်မတီများအား ပြန်စီစဉ် ခိုင်းရမည်ဖြစ်သဖြင့် အချိန်ကာလ ၂ လ မှ ၃ လခန့် ထပ်ကြာသွားနိုင်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ထိုင်းတွင် ထုတ်ကုန်လုပ်ငန်း ၄၆ ခုအနက် ၅၀ ရာခိုင်နှုန်းသည် ကာယလုပ်သားများဖြစ်ပြီး အများစုသည် ပင်လယ်စာနှင့် အထည်ချုပ် လုပ်ငန်းများတွင် ဖြစ်သောကြောင့် ဝန်ကြီးချုပ်ပြောသည့် နှုန်းထားအတိုင်း တိုးပေး လိုက်မည်ဆိုပါက လုပ်သားလျှော့ချခြင်း အပါအဝင် ကုန်ထုတ်လုပ်မှုများပါ လျော့ကျသွားနိုင်ကြောင်း ထိုင်း စက်မှု၊ လက်မှု အသင်းချုပ်မှ ထောက်ပြထားသည်။

ထို့ကြောင့် ၂၀၂၃ နှစ်ကုန်ခါနီးသည်အထိ လုပ်ခလစာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထပ်မံပြုပြင်ပြောင်းလဲခြင်း မရှိပါက ထိုင်းတစ်နိုင်ငံလုံးရှိ ပြည်နယ်အလိုက်တွင် ဒီဇင်ဘာ ၉ ရက်နေ့က သတ်မှတ်လိုက်သည့် ၂ ဘတ်မှ ၁၆ ဘတ် နှုန်းထားသာ တိုးသွားမည်ဖြစ်သည်။