CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၉

ထိုင်းရှိ MOU သက်တမ်း ပြည့်သူများအား ဇူလိုင်လ ၃၁ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်း တိုးပေးထားခြင်း သည် MOU ဥပဒေအရ ၎င်းတို့ နောက်ဆုံးရက် မတိုင်ခင် နေရပ်ပြန်၍ စာချုပ်အသစ် သက်တမ်းတိုး လုပ်ဆောင်ရ မည့် အဓိပ္ပါယ်ဖြစ်ကြောင်း MWRN မှအကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

ထိုသက်တမ်း ကာလအတွင်း သက်ဆိုင်ရာ အလုပ်ရှင် သူဌေးအနေဖြင့် မိမိတို့ စက်ရုံ၊ အလုပ်ရုံရှိ သက်တမ်း ပြည့် MOU လုပ်သားများနှင့် ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ခေါ်စာ (Demand Letter) များ လျှောက်၍ နေရပ်ပြန်ပို့ကာ စာချုပ် ထပ်မံချုပ်ဆိုပြီး ပြန်လည် ခေါ်ယူခိုင်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးအောင်ကျော်က “တွေးပူရတာက ဒီကြားမှာ သက်တမ်းကုန်နေရင် ထိုင်းဥပဒေအရ ဖမ်းဆီးတာတွေ အရေးယူ ခံရ နိုင်တယ်လေ။ သို့သော် ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီဖြေလျှော့ပြီးမှ သက်တမ်းကုန်နေတဲ့ အလုပ်သမား တွေကို နေထိုင်ခွင့်ပြုတယ်၊ အလုပ်လုပ်ခွင့် ပြုတယ်ဆိုတော့ အခိုက်အတန့်တော့ ကျေနပ်အားရစရာ ရှိပါတယ်။ အလုပ်လည်း လုပ်နေလို့ရတယ်။ ဝင်ငွေလည်း ရမယ်။ အဖမ်းအဆီးလည်း မခံရဘူး။ နေထိုင်ခွင့်လည်း ရတယ်။ သို့ သော် အဲဒီကြားကာလမှာ လုပ်ငန်းရှင်ကနေ သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာနကို တင်ပြ တောင်းဆိုပြီး ဒီအလုပ်သမားတွေကို နောက်တစ်ကြိမ် မြန်မာနိုင်ငံကနေ ပြန်လည် စာချုပ်ချုပ်ပြီး ခေါ်ယူ ခွင့်ပြုပါ ဆိုတာကို တင်ခိုင်းလိုက်တာ။ ဒါက အခိုက်အတန့်အားဖြင့် ကောင်းသလား ဆိုရင်တော့ ကောင်းတယ်။ နှစ်လ လောက် ကိုယ့်ကို ဘယ်သူမှ ဖမ်းလို့ မရတော့ဘူး။ သို့သော် အမှန်တကယ်လိုချင်တဲ့ Target က ထိုင်းနိုင်ငံမှာ သိန်း နဲ့ သန်းနဲ့ချီရှိတဲ့ အလုပ်သမားတွေ လိုချင်နေတာက ပြည်တော်မပြန်ရရေး၊ ဒီနိုင်ငံမှာပဲ ထိုင်း အစိုးရ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက နေပြီးမှ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ နေထိုင်အလုပ်လုပ်ခွင့်ရအောင် စီစဉ်ပေးမှာ လဲ ဆိုတာကို တောင်း ဆိုတာ။ သူတို့ပေးလိုက်တာက နှစ်လ ခဏ ယာယီနေထိုင်ခွင့်ပြုမယ်။ ပြီးရင် အိမ်ကိုပြန်ပါ လုပ်ငန်းရှင်နဲ့ အသစ် စာချုပ် ချုပ်ပြီး ပြန်လာပါလို့ပဲပြောတာ။ ဒါက နဂိုမူလဥပဒေပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းမြန်မာများကို ထိုင်းဘက်သို့ မသွားခင်တွေ့ရစဉ်

ထိုင်းနိုင်ငံ၏ ဥပဒေအရ ဇူလိုင် ၃၁ ရက်နေ့ နောက်ပိုင်းတွင် MOU သက်တမ်း ပြည့်သူများအား ဖမ်းဆီးလာနိုင်ဖွယ် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြော သည်။

အလုပ်ရှင်သူဌေးများသည် အလုပ်သမားအသစ် ခေါ်ယူခြင်းထက် မိမိ စက်ရုံ၊ အလုပ်ရုံ၌ လုပ်ငန်းပိုင်း ကျွမ်းကျင် နေပြီဖြစ်သည့် အလုပ်သမား အဟောင်းများကိုသာ MOU ဖြင့် ပြန်လည် စာချုပ်ချုပ်ဆိုမှု များပြားကြောင်း သိရ သည်။

ထို့ကြောင့် MOU သက်တမ်းပြည့်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် နေရပ်ပြန်ရသော်လည်း အလုပ် အကိုင်ပိုင်းတွင် စိုးရိမ်ဖွယ် မလိုကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများ က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ အရေးကိစ္စအား ထုတ်ပြန်ရာတွင် သက်တမ်းကာလ ကျော်လွန်သော အခါမျိုး၊ အချိန်နီးကပ်သည့် အခါမျိုးတွင်သာ ထုတ်ပြန်လေ့ရှိသည့်အတွက် ယခုနေထိုင်ခွင့် သက်တမ်းတိုး ပေးထားသည့် ဇူလိုင်လကုန်ပြီးနောက်တွင် တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန် လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရ ကြောင်း ၎င်းတို့က ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေက အမြဲတမ်း ပြောင်းနေ တာဆိုတော့ ဝန်ကြီးအဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်း အသစ်တစ်ခု ထွက်လာမယ်ဆိုရင်တော့ အလုပ်သမားအသစ် မှတ်ပုံတင်တဲ့ဟာပေါ့။ အသစ်တွေချည်းပဲ မဟုတ်ဘူး။ ကျန်ခဲ့တဲ့ လူတွေ အကြောင်းကြောင်းကြောင့်။ ဒါမျိုးတွေ ကို လုပ်နေတာ ကျနော်တို့ ကြားနေတာရှိတယ်။ ဒါလည်း ကြာလှပြီ ကြားနေတာ။ အဲဒီကောင်က ဖြစ်လာနိုင် တယ်။ အဲဒီဟာ ဖြစ်လာခဲ့လို့ရှိရင် MOU အလုပ်သမား အများစုက အဲဒီအလုပ်သမား မှတ်ပုံတင်တာကို ရောက် သွား လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ ပြန်ပြီးတော့ လုပ်ရင် သူတို့အတွက် ငွေကုန်ကြေးကျ အချိန်ရော ဘာရော ခက်တယ်လေ။ နောက်အလုပ်ရှင်တွေက ဒီလူတွေ ဒီမှာလုပ်နေပြီး MOU နဲ့ သက်တမ်းတိုးဖို့ ပြန်ပို့ရတဲ့ အခါမှာ အဲဒီလူတွေ ပြန်လုပ်တဲ့ကာလ အဲဒီလောက်အကြာကြီးမှာ သူတို့လုပ်ငန်းတွေ ပျက်မှာကို မစောင့်နိုင်ဘူး။ ဆိုတော့ အဲဒီအလုပ်သမားတွေကို ဘယ်လို ဆက်ပြီးတော့ လုပ်ခိုင်းလို့ ရမလဲဆိုရင် ခုနက ပြောတဲ့ လူသစ်တွေ ခေါ်လာရင် ဆွဲထည့်လို့ရတယ်။ ဆိုလိုတာက အဲဒီသူတွေက MOU ပြန်လုပ်ဖို့ နည်းသွား လိမ့်မယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ MOU သက်တမ်းပြည့် မြန်မာနိုင်ငံသားများအနေဖြင့် ဇူလိုင်လ ကုန်ပြီးနောက်တွင် မည်ကဲ့သို့ ဖြစ်ပေါ် လာနိုင်မည်ကို မသိရှိကြသဖြင့် ဝေခွဲမရ ဖြစ်နေကြကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် အလုပ်သမားအရေး ထုတ်ပြန်ချက်များအား အချိန်နီးကပ်မှ ထုတ်ပြန် ခြင်းထက် အလုပ်သမားများ ကြိုတင်ပြင်ဆင်နိုင်စေရန် စောစီးစွာ ထုတ်ပြန်ချက်များအား ထုတ်ပြန် စေလို ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။