CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၈

ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)ဖြင့် မြန်မာအလုပ်သမားများ ပြန်လည် စေလွှတ်နေသော်လည်း လက်ရှိအထိ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်သူများထဲတွင် MOU ဖြင့်သွားရန် အေဂျင်စီများနှင့် စာချုပ် ချုပ်ထားပြီးသူများ ပါဝင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ အလုပ်သမားများသည် MOU ဖြင့် သွားရောက်ရန် ငွေကုန်ကြေးကျခံပြီး အေဂျင်စီများနှင့် စာချုပ် ချုပ်ဆိုထားသူများ ဖြစ်ကြောင်း၊ တရားမဝင်လမ်းကြောင်းဖြင့် ခိုးဝင်ရန်အတွက် ပွဲစားများအား မြန်မာငွေ ကျပ်သိန်း ၂၀ ခန့် ပေး၍ လာကြခြင်း ဖြစ်ကြောင်း သိရသည်။

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “တရားမဝင် ဆယ်စုနှစ်ပေါင်းများစွာထဲမှာ ဝန်ဆောင်မှု အများဆုံးပေးရတဲ့ ကာလ ဖြစ်တယ်ပေါ့နော်။ ဘတ်ငွေနဲ့ဆိုရင်လည်း နယ်မြေပေါ်မှာ မူတည်ပြီးတော့ တစ်သောင်းခွဲကနေ သုံးသောင်းလောက် ပေးရတဲ့ အနေထားတွေရှိတယ်။ ဘာဖြစ်လို့ အဲ့ဒီလို တရားမဝင်လဲဆိုတော့ တရားဝင်မှု MOU နဲ့ သွားတဲ့ကိစ္စတွေက နှစ်ဖက်နိုင်ငံတွေ ရဲ့ စီမံခန့်ခွဲမှုကြောင့် အဓိကတော့ မြန်မာဘက်ခြမ်းကပေါ့၊ စီမံခန့်ခွဲမှု စနစ်တကျ မလုပ်နိုင်လို့ ကြန့်ကြာတယ်။ မြန်မာပြည် တွင်းမှာလည်း ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့က ရေရှည်ရပ်တည်ဖို့လည်း မလွယ်တော့ဘူး။ အလုပ်အကိုင် ရှားပါးမှု တွေ ဖြစ်လာတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ရှိလာတယ်။ နောက်တစ်ခုက နိုင်ငံရေးအရနဲ့ ဒီရှုပ်ထွေးမှုတွေနဲ့ ဖြစ်လာ တော့ ”ဟု CNI သတင်းဌာနသို့ ပြောသည်။

MOU ဖြင့် ထိုင်းကို မြန်မာအလုပ်သမား စေလွှတ်ခြင်းအား ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် ရပ်နားထားခြင်းဖြစ် ကြောင်း၊ မေလ ၁၀ ရက်နေ့မှ စတင်ကာ အလုပ်သမားဦးရေ အနည်းငယ်စီဖြင့် ပြန်လည် စေလွှတ်နေခြင်း ဖြစ်သည်။

ထိုင်းသို့ တရားမဝင် ခိုးဝင်မြန်မာအလုပ်သမားများ

ကိုဗစ် မတိုင်ခင်ကတည်းက MOU ဖြင့် သွားရောက်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားသည့် မြန်မာအလုပ်သမား ‌‌ခြောက်သောင်း ကျော် ထဲမှ တဝက်ခန့်သည် MOU ဖြင့် စေလွှတ်ခြင်း ရပ်နားထားစဉ် ကာလ၌ တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြော သည်။

ကိုသားကြီးက “ MOU စနစ်နဲ့ စာချုပ်ချုပ်ထားပြီး သော်ငြားလည်း ထွက်လို့မရတဲ့အတွက် လူပွဲစားတွေနဲ့ ခိုးထွက်တာပေါ့။ သူတို့တွေအခု ထိုင်းကို ရောက်နေကြတယ်။ ဆိုတော့ ထိုင်းကို ရောက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာမှာ ထိုင်းအစိုးရ ကလည်း အလုပ်သမား လက်မှတ်တွေ ထုတ်ပေးလိုက်တယ်။ အများ နားလည်အောင်ပြောရင် ဘတ်ပန်းရောင်ကဒ်ပေါ့။ အဲ့ဒီ အလုပ်သမားလက်မှတ် ထုတ်ပေးတဲ့အချိန်မှာ သူတို့ MOU စနစ်နဲ့ စာချုပ်ချုပ်ထားတဲ့ အလုပ်သမား တော်တော်များများဟာလည်း သူတို့ရောက်ရှိနေတဲ့ အလုပ်ရုံတွေ၊ စက်ရုံတွေကနေတဆင့် သူတို့ဟာ ဘတ်ပန်းရောင်ကဒ်တွေ လုပ်လိုက်ကြတယ်။ ဒီနေရာမှာ ပြောချင်တာက ခိုးဝင်လာတဲ့ အလုပ်သမားတွေဟာ တော်တော်များများ ဘတ်ရသွားပြီ။ အလုပ်သမားဝန်ကြီးဌာန ကလည်း ကိုဗစ်စပြီး ဖြစ်ကတည်းက အလုပ်သမား မစေလွှတ်တဲ့အပြင် စာချုပ်ချုပ်ထားပြီး ပိုက်ဆံပေးထားတဲ့ မြန်မာ ပြည်သူတွေကို ငွေကြေးတွေ ပြန်လည်အမ်းဖို့အတွက် အမိန့်ပေးတာတွေလည်း မရှိတဲ့အတွက် ဒီအလုပ်သမားတွေကလည်း မစောင့်စားနိုင်ဘူး။ မစောင့်စားနိုင်တော့ စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် ထိုင်းကို အခုလို ခိုးဝင်လာကြတာ ဖြစ်တယ်” ဟု ပြောသည်။

ထိုင်းသို့ တရားမဝင် ခိုးဝင်မြန်မာအလုပ်သမားများ

ထိုသို့ မြန်မာအလုပ်သမားများ တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်နေမှုများအား လျော့နည်းသွားစေရန် မြန်မာနိုင်ငံဘက်မှ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမား စေလွှတ်ရေး အပိုင်းတွင် ကြန့်ကြာမှုနည်းအောင် လုပ်ဆောင်သင့်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

၎င်းက “အဓိကကတော့ တရားမဝင် ဝင်ရောက်မှုတွေ ဖြစ်လာတယ်ဆိုတာ တရားဝင်သွားလို့ရှိရင် ခက်ခဲတယ်။ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေက ကြန့်ကြာတာရယ်။ အဲ့ဒါကြောင့်မို့ တရားမဝင်မှုတွေက ဖြစ်လာတာ။ ပြောင်းပြန်ပဲ ထပ်ပြောရမယ် ဆိုရင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကာကွယ်ဖို့ဆိုရင် အစိုးရအနေနဲ့ ဒီထက် စနစ်တကျ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲမှု မူဝါဒရေးရာတွေက စနစ်တကျ ရေးဆွဲရမယ်။ ပြီးရင် အဲ့ဒါတွေကို စနစ်တကျ အကောင်အထည်ဖော်ရမယ်။ အလုပ်သမားတွေ လွယ်လင့်တကူနဲ့ မြန်မြန်ဆန်ဆန် သွားလို့ရအောင် ဈေးနှုန်းချိုချိုသာသာနဲ့ သွားလို့ရအောင် သွားတဲ့နိုင်ငံတွေမှာလည်း စောနက ပြဿနာတွေ ကြုံခဲ့လို့ရှိရင်လည်း အစိုးရတွေ ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကသာ မျိုးချစ်စိတ်ရှိရှိနဲ့ အကာကွယ်ပေးမှသာ ဒီပြဿနာတွေက လျော့ပါးသွားမယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ နေ့စဉ် ပွဲစားများနှင့် တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်သည့် မြန်မာအလုပ်သမားများရှိကာ နေ့စဉ်နီးပါး ဖမ်းဆီး ခံရမှုများလည်း ရှိသည်။