CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၉

မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြက်သွန်ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်း၍ လုပ်ဆောင်နေကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီများကို တင်ပို့ရာမှာ ဗီယက်နမ် ကုန်သည်များမှတဆင့် တင်ပို့နေ ကြရကြောင်း၊ ထို့ကြောင့် တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း၊ လတ်တလောတွင် ဗီယက်နမ် နိုင်ငံမှ ကုန်သည်များက မြန်မာ့ကြက်သွန်ဝယ်ယူမှုများ မြင့်တက်နေကြောင်း မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်မြင့်က “ဖိလစ်ပိုင်ကို ဗီယက်နမ် ကုန်သည်ကနေတဆင့် ပို့တာ။ အဲဒါကို ဒီနှစ်ကို ဒီကကုန်သည်တွေက တိုက်ရိုက်ပို့ဖို့အတွက် လုပ်နေတာ။ မနှစ်က ဖိလစ်ပိုင်က ဈေးတအား တက်သွားတာကိုး။ တက်သွားတော့ လေး လေးတို့လည်း မသိဘူး။ နောက်မှသိတာက ဗီယက်နမ်သမားက ဖိလစ်ပိုင်ကို ပို့ရောင်းနေတာ နောက်မှ သိသွား တာ။ သိတဲ့အခါကျတော့ ဒီကလူတွေက မနှစ်ကကတည်းက ဖိလစ်ပိုင်ကို တိုက်ရိုက်တင်ပို့ဖို့အတွက် သူတို့ တိုင်ပင်ဆွေးနွေးနေကြတာလေ။ မနှစ်ကတည်းက ဗီယက်နမ်က သူက တအားဆွဲတယ်ဆိုတာ ဗီယက်နမ် ကုန်သည်တွေကတဆင့် ဖိလစ်ပိုင်ကို သူတို့ဟာသူတို့ ပို့ကြတာလေ။ ဒီကနေ တိုက်ရိုက် အဆက်အသွယ် မရှိ တော့ ရှိတဲ့လူက အဲဒီဘက်ကို ပို့ကြတာပေါ့။ အခုက အဲဒါကြောင့်လည်း ဒီကနေ့ဆိုရင် ဗီယက်နမ် ဝယ်တာက မြင်းခြံမှာ မြင်းခြံတစ်မြို့တည်းတင်ကို တွဲကား ၂၅ စီးလောက် သယ်သွားတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန်အတွက် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်ကုန်သည်များက ဝယ်ယူမှု များပြား နေပြီး မုံရွာမှ ကုန်တင်တွဲကား ၁၅ စီး ကုန်ချိန်အားဖြင့် ၃ သိန်းခန့်နှင့် မြင်းခြံမှ တွဲကား ၂၅ စီး ကုန်ချိန်အားဖြင့် ၅ သိန်းခန့် ဝယ်ယူသွားသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ကြက်သွန်နီအိတ်များထမ်းလာသည့် အလုပ်သမားတစ်ဦး

ထို့အပြင် ကြက်သွန်များကိုလည်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းအတိုင်း ဝယ်ယူသွားကြောင်း၊ ယခု အတိုင်း ဆက်လက်ဝယ်ယူနေမည်ဆိုပါက ကြက်သွန်ဈေးနှုန်းများသည် လက်ရှိထက် ကျဆင်းသွားမည် မဟုတ် ကြောင်း ကြက်သွန်ကုန်သည် ဦးအောင်ကျော်စိန်က CNI သတင်းဌာနသို့ ပြောသည်။

“အခု မြင်းခြံဒိုင်မှာဆိုလည်း ဒီကနေ့ဆိုရင် ဝယ်တဲ့လူက တော်တော်များတယ်။ ဗီယက်နမ်၊ မူဆယ်၊ မြဝတီကို ရောင်းထားတဲ့ကုန်သည်က ၇ ဦး၊ ၈ ဦးလောက် ရှိတယ်။ အခုတပြန်တည်းမှာ များတယ်။ အခု လေးလေးတို့ဆီမှာ (မြင်းခြံ) ၂၅ စီးလောက် တည့်တယ်။ မုံရွာမှာ ၁၅ စီးလောက် တည့်သွားတယ်။ မုံရွာ ၁၅ စီးဆိုရင် ကုန်ချိန် ၃ သိန်း ပေါ့။ လေးလေးတို့ မြင့်ခြံအနေနဲ့ အစီး ၂၅ စီးက ၅ သိန်းပေါ့။ မနေ့ကတော့ သူတို့ဝယ်သွားတဲ့ဟာဆိုလို့ရှိရင် ၂၁၅၀ အထိ ဝယ်သွားတယ်။ ၂၁၅၀ ဆိုတော့ ဘုရင့်နောင်ပေါက်ဈေးအတိုင်း သူတို့ ဝယ်သွားတာပေါ့။ ပုံမှန်ဆိုရင် ဟို ဘက်ရက်တုန်းက သူတို့ဖွင့်တဲ့ဈေးက ၂၀၀၀ လောက်ပဲ ဖွင့်တာ။ ၂၀၀၀ လောက် ဖွင့်တဲ့အခါကျတော့ နယ် ကုန်သည်တွေက အဲဒီဈေးတန်းကို မရောင်းနိုင်ဘူး။ မရောင်းနိုင်တော့ သူတို့ ဟိုဘက်က ဈေးတက်ရလို့ နေမှာ ပေါ့။ မနေ့ကကျတော့ သူတို့ ၂၁၅၀ တွေ ဖွင့်ဝယ်တယ်။ ဒီပုံစံအတိုင်းသာသွားရင် ပစ္စည်းတွေက နယ်မှာလည်း လက်ကျန်တွေက နည်းတယ်။ သူတို့ ဖိလစ်ပိုင်သမားတွေ ဒီအတိုင်းသာ ဆွဲနေရင် ကြက်သွန်ဈေးကတော့ ဒီ ဈေးတန်းတွေအောက်ကို ဆင်းသွားဖို့ အလားအလာ မရှိဘူးပေါ့” ဟု ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီများ တိုက်ရိုက်တင်ပို့ခွင့်ရမည်ဆိုပါက ပြည်တွင်းရှိ ကြက်သွန်တောင်သူများ နှင့် ကုန်သည်များ ဈေးနှုန်းပို၍ ရလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကြားခံကုန်သည်များဖြစ်သည့် တရုတ်၊ ထိုင်း နှင့် ဗီယက်နမ်ကုန်သည်များနှင့်သာ လုပ်ဆောင်နေရခြင်းကြောင့် ဈေးနှုန်းရရှိမှု နည်းပါးနေခြင်း ဖြစ်သည်ဟု ကြက်သွန်ကုန်သည်များက ပြောသည်။

သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ရေးနှင့်ပတ်သက်၍ တောင်းဆိုချက်များသည့်အတွက် ယင်း တောင်းဆို မှုများကို ပြည်တွင်းရှိ ကုန်သည်များနှင့် တောင်သူများက ဆောင်ရွက်ပေးနိုင်မှသာ အဆင်ပြေနိုင်မည်ဟု ကုန်သည်များက ပြောသည်။