CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ စိုက်ပျိုးမှုများရှိနေပြီး အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မိတ္ထီလာမြို့မှာ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများဖြင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ကြက်သွန် အထွက်ကောင်းအောင် ဆောင်ရွက်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ထို့အပြင် ကြက်သွန်ကို အခြေခံသည့် တန်ဖိုးမြင့် ထုတ်ကုန်များလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်သွန်ကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  တိုက်တွန်းခဲ့သည်။

မိတ္ထီလာနယ်တွင် ယခင်က ကြက်သွန် စိုက်ပျိုးမှုရှိသော်လည်း ပိဿာချိန် ၈၀ ခန့်သာ ထွက်ရှိကြောင်း၊ သို့သော် လည်း ပြီးခဲ့သည့် ၃ နှစ်ဝန်းကျင်ခန့်မှ စတင်၍ တိုးချဲ့ စိုက်ပျိုးလာကြရာ ကြက်သွန် အထွက်နှုန်းသည် မြင်းခြံနှင့် ပခုက္ကူမြို့နယ်များနှင့်နည်းတူ ဖြစ်လာသည်ဟု မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာကြက်သွန်နီကိုတွေ့ရစဉ်

၎င်းက “ဟိုတုန်းကတော့ ဘာမှမရှိဘူး။ အခု ၂ နှစ်၊ ၃ နှစ်လောက် ရှိပြီပေါ့။ အဲဒီဘက်က ပျော်ဘွယ်ရယ်၊ မိတ္ထီလာ ရယ်၊ မိတ္ထီလာနယ်ထဲ ပါတာပေါ့ သဲတောတို့၊ ဝမ်းတွင်းတို့ အဲဒါတွေတော့ ခြုံလိုက်ရင် ဘာမှ သိပ်မထူးတော့ ဘူးလေ ပခုက္ကူတို့နဲ့ level တန်းလောက် လိုက်သွားပြီ။ ဟိုးတုန်းက လေးလေးတို့ ငယ်ငယ်တုန်းက သဲတောတို့၊ ဝမ်းတွင်းတို့က ကြက်သွန် စိုက်မှမစိုက်ကြတာ။ အခုတော့ များသွားပြီပေါ့။ များသွားကြတော့ လေးလေးတို့ဘက် တွေနဲ့ level လောက် လိုက်သွားပြီ။ ဒါပေမယ့် သူတို့ဆီကတော့ ချောင်းမရှိဘူးပေါ့။ ချောင်းမရှိတော့ သူတို့ဆီက ကုန်းကြက်သွန်တွေပဲပေါ့။ လေးလေးတို့ ဒီဘက်တွေကတော့ တောင်သာ၊ မြင်းခြံကတော့ ချောင်းတွေ ရှိတာကိုး။ ချောင်းတွေရှိတော့ လေးလေးတို့ဘက်တွေမှာ ချောင်းကြက်သွန်ဆိုတာ သပ်သပ်ရှိတာကိုး။ သူတို့ဘက်ကတော့ ကုန်းမြေကြီးပဲ စိုက်ရတာပေါ့။ ကြက်သွန်ကတော့ သူတို့ဘက်က ပိုပြီး ကွာလတီ ကောင်းသေးတယ်” ဟု ပြော သည်။

မိတ္ထီလာခရိုင်အတွင်းတွင် နွေကြက်သွန်ကိုသာ စိုက်ပျိုးကြရာ နွေကြက်သွန်ကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြ ပြီး မတ်လ၌ ထွက်ရှိကြောင်း သိရသည်။

ထွက်ရှိသည့် ကြက်သွန်ကို ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှု ရှိသည်။

ထို့အပြင် ကြက်သွန်ကုန်ချောအဖြစ် ကြက်သွန်ကြော် ထုတ်လုပ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချီလျက် ရှိကြောင်း၊ တစ်လလျှင် ကြက်သွန်ကြော် ပိဿာချိန် သိန်းနှင့်ချီ၍ ထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

ထို့နောက် တချို့သော လုပ်ငန်းရှင်များသည် ကြက်သွန်ကြော်ကို ပြည်ပသို့ တင်ပို့ကြသည်ဟု ကြက်သွန်ကုန်သည် ဦးသောင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ကုန်ချောအနေနဲ့ကတော့ တော်တော်များများတော့ ကြက်သွန် အကြော်ကြော်တာ များတယ်။ အဓိက ကတော့ ကြက်သွန်ကြော်ပါပဲ။ ဆီသွပ်ဘူးတွေ ဘာတွေကတော့ မလုပ်နိုင်ဘူး။ ကြက်သွန်ကြော်ကတော့ တချို့က ကြက်သွန်ကြော် export တောင် ရှိကြတယ်။ ကြက်သွန်ကြော်တို့၊ ကြက်သွန် အခြောက်တို့ပေါ့။ ကြက်သွန်ကြော် ကို အခြောက်လှန်းပြီးထားတယ်၊ နောက်ပြီးတော့ ကြော်ပြီးတော့ ထားတယ်။ ပြည်တွင်း အကြော်ဖိုတွေက export အပယ်တွေပေါ့၊ export အကျ ခေါ်တာပေါ့။ export ကွာလတီ မမှီတဲ့ ကြက်သွန်တွေကို ချပေးရတာပေါ့။ ပယ်ရသေးတာကိုး၊ အဲဒီအပယ်တွေကိုပဲ ကြော်ကြတယ်။ တစ်လတစ်လကို အကျလိုင်းကတင်ကို အကြော်ဖိုတွေ ပေါင်းရင် ပြောရရင်ကို မကွေး၊ မန္တလေး၊ စစ်ကိုင်းပေါ့ အဲဒီ တိုင်း ၃ တိုင်းက ထွက်တဲ့အကျဆိုရင် တစ်လ သိန်းကဏန်း ရှိတာပေါ့” ဟု ပြောသည်။

မိတ္ထီလာခရိုင်အတွင်း ကြက်သွန်ကို တစ်နှစ်ပတ်လုံး ထွက်ရှိရန်အတွက် စိုက်ပျိုးကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသော်လည်း ထိုဒေသတွင် ချောင်းရေနည်းပါးခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်းနှင့် ကုန်းမြင့်ပိုင်းဒေသ ဖြစ်သည့်အတွက် မိုးကြက်သွန် စိုက်ပျိုးရန် အခက်အခဲ ရှိနိုင်ကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။

ထို့အပြင် မိုးကြက်သွန် စိုက်ပျိုးပါက အထွက်နှုန်း နည်းပါးနိုင်ပြီး နွေကြက်သွန်၏ အထွက်နှုန်းအပေါ်တွင်လည်း ထိခိုက်မှုဖြစ်သွားနိုင်သည်ဟု ကြက်သွန်စိုက်တောင်သူများက ပြောသည်။