CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၃

ထိုင်းတွင် တရားဝင်နေထိုင်လုပ်ကိုင်နေသူများဖြစ်သော်လည်း Work Permit နှင့် ဗီဇာသက်တမ်းတိုး မပြုလုပ် ရသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုများပြားလာနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

Work Permit များ သက်တမ်းတိုးပြုလုပ်ရန် နောက်ဆုံးရက်အား မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး နောက် မေလ ၁၆ ရက်နေ့မှ စတင်ကာ ရှာဖွေဖမ်းဆီးမှု များပြားလာခြင်းဖြစ်ပြီး စာရင်းအတိအကျ မဟုတ်သော် လည်း တာ့ခ်ခရိုင်တွင် ရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော် ဖမ်းဆီးခံရပြီးဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ကျနော်တို့ ဒီတာ့ခ်ခရိုင်ထဲမှာတော့ ရက်ရက်စက်စက် ဖမ်းပြီ။ ဒီ ဒိတ်လွန်တဲ့ဟာတွေ။ ဗီဇာသက်တမ်းကုန်နေပြီဆိုရင် ဒဏ်ငွေရိုက်တော့မယ် တစ်ရက်ကို ဘတ် ၅၀၀။ Work Permit ကကျ ဒဏ်ငွေမရှိဘူး။ သို့သော် Work Permit သက်တမ်းကုန်နေတယ် ၁၅ ရက်နေ့ကတည်းက သူတို့က စာရွက်စာတမ်းကို ပြီးစီးအောင်လုပ်ရမယ်ဆိုတာ။ Work Permit သက်တမ်း မတိုးထားဘူးဆိုရင် မေ ၁၅ ရက်နေ့ နောက်ဆုံးထားတဲ့ဗီဇာကိုလည်း သူတို့က လုပ်ခွင့်မရှိဘူး။ Work Permit မရှိတဲ့သူဟာ ထိုင်း လ.ဝ.က ကလည်း ဗီဇာသက်တမ်းမပေးတော့ဘူး။ မပေးတော့ ဗီဇာသက်တမ်း တိုးနိုင်တဲ့ လူတွေရှိခဲ့ရင်တောင်မှ Work Permit သက်တမ်း မတိုးထားတာဖြစ်တဲ့အတွက် ဗီဇာကိုလည်း ယူလို့မရဘူး။ ဒီနှစ်လွှာလုံးပေါ့။ ဒီနှစ်မျိုးလုံးဟာ တစ်မျိုးတည်းရှိခဲ့လည်း တရားမဝင်ဘူးဖြစ်တဲ့အတွက် နှစ်မျိုးလုံးတွဲပြီးတော့ ကိုင်ရမှာဖြစ်တဲ့အတွက် ဗီဇာရှိပြီး Work Permit မရှိရင်လည်း ဖမ်းလို့ရသလို Work Permit ရှိပြီး ဗီဇာမရှိရင် လည်း ဖမ်းလို့ရတယ်။ ဒါကြောင့် အဲဒီအဖမ်းခံရတဲ့ အုပ်စုတွေထဲမှာ အဲဒီလိုပုံသဏ္ဍာန် အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတဲ့ မြန်မာတွေ ဖြစ်တယ်” ဟု ပြောသည်။

အဖမ်းအဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား နေရပ်သို့ ပြန်ပို့ကြောင်းနှင့် နေရပ်မပြန်ချင်ပါက သက်ဆိုင်ရာထိုင်းအာဏာပိုင်များအား ထိုင်းဘတ်ငွေ တစ်သောင်းခန့် (မြန်မာငွေ ရှစ်သိန်း ငါးသောင်းကျော်) ပေးပါက ပြန်လွှတ်ပေးသည့်အတွက် ထိုသို့ ငွေကြေးပေးလိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိအနေအထားတွင် မြန်မာအများဆုံးနေထိုင်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အထူးသတိထားကြရန် လိုအပ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ဆေးထိုးနေသည့် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများ

“ဘာလို့လဲဆိုတော့ အခုလက်ရှိပြဿနာတွေမှာဆိုရင် အဲဒီမှာက ပိုပြီးတော့ ရှုပ်ထွေးတဲ့ဖြစ်စဉ်။ နယ်စပ် တကျော ကြီးမှာလည်းဖြစ်တယ်။ ပြီးတော့ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ရှိတယ်။ နောက်ပြီးတော့ လက်မှတ်အထောက်အထား အမျိုးမျိုးနဲ့ နေကြတဲ့သူတွေ ရှိတယ်။ ဒီကြားထဲမှာမှ မမျှော်လင့်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုရင် အဲဒီဒေသတွေမှာရှိတဲ့ အာဏာပိုင်တွေက စစ်ဆေးမှုတွေလုပ်တော့ ရိုးရိုး ဒီအတိုင်း နေကြတဲ့ အထောက်အထားမဲ့တွေ အဲဒီလိုမျိုး ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့တော့ အဖမ်းခံရတာတို့၊ အန္တရာယ်ရှိတာပေါ့နော် အထောက်အထားမပြနိုင်ဘူးဆိုရင်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ငွေကြေးမတတ်နိုင်သည့်အတွက်နှင့် အခြားအကြောင်းများကြောင့် သက်တမ်းတိုးမပြုလုပ်လိုက်ရသော မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ခြောက်သောင်းဝန်းကျင်ခန့်ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် လက်ရှိနိုင်ငံရေးအနေအထားအရ အထောက်အထားသက်တမ်းတိုး မမှီလိုက်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းမှာလည်း အစိုးရရွေးကောက်ပွဲတွေနဲ့ ကြားကာလလိုဖြစ်နေတာဖြစ်တဲ့အတွက် အလုပ်သမားအရေး မူဝါဒ တွေ တစ်စုံတစ်ရာ ထွက်ရှိလာတာတွေ မရှိသေးတာဖြစ်တဲ့အတွက် ဒီလိုကြားကာလတွေမှာ သွားလာတဲ့အချိန်မှာ အချိန်မရွေးဖမ်းခံရနိုင်တယ်။သူတို့နိုင်ငံရဲ့ တည်ဆဲဥပဒေအရ အချိန်မရွေး အပြစ်ပေးလို့ရတယ်ပေါ့။ ဒါကြောင့် မို့လို့ Work Permit သက်တမ်း မတိုးရတဲ့သူဟာ ဗီဇာသက်တမ်းရှိရင်လည်း အဖမ်းခံရနိုင်တယ်။ တချို့ ပတ်စပို့ အဟောင်းတွေမှာဆိုရင် ဗီဇာသက်တမ်းရှိသေးတာပေါ့နော်။ ဒါကြောင့် သွားလာတဲ့နေရာမှာ အဖမ်းအဆီး မခံ ရအောင် သတိထားဖို့ရယ်၊ မိမိရဲ့စာရွက်စာတမ်း မပြည့်စုံတော့ဘူးဆိုရင် တစ်ပါတည်း တစ်ခုမှ ယူမသွားဘဲနဲ့ ဒီတိုင်းအထောက်အထားမဲ့အဖြစ် သွားလာတာ ပိုပြီးတော့မှ သင့်တော်တယ်လို့ အကြံပြုလိုတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရဖြင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် လုပ်ဆောင်နေသောကြောင့် သက်တမ်းမတိုးလိုက်ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် သက်တမ်း ပြန်လည်တိုးခွင့်ရနိုင်သည့် အခွင့်အလမ်းများ ပေးသင့်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သုံးသပ်သည်