CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
ပေါ်တူဂီနဲ့ ဟန်ဂေရီအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၂ ဂိုး စလုံးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲသမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းခဲ့တဲ့ ၂ ဂိုးကြောင့် သူ့ရဲ့ကစားသမားဘဝ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ၄၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် အရင်က စံချိန်တင်ထားတဲ့သူက ဂွါတီမာလာ တိုက်စစ်မှူးဟောင်း ကားလို့စ်ရုပ်ဇ်ဖြစ်ပြီး ၃၉ ဂိုး သွင်းယူထားတာပါ။
အခုအချိန်မှာ ရော်နယ်ဒိုက ကားလို့စ်ရုပ်ဇ်နဲ့ တူညီနေတဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုရဲ့ အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေမှာ ၃၆ ဂိုး သွင်းယူထားပြီး တတိယ ဂိုးအများဆုံး သွင်းယူထားတဲ့သူအဖြစ် ရပ်တည်နေတာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၉၄၈ ဂိုး သွင်းယူထားပါတယ်။
ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဟန်ဂေရီအသင်းကို မိနစ် ၉၀ အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို ၁ မိနစ်မှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ဖို့ စောင့်ဆိုင်းရဦးမှာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ ဒုတိယနေရာ က ဟန်ဂေရီအသင်းကို ၅ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။
ပေါ်တူဂီအသင်းဟာ လာမယ့် နိုဝင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအဖြစ် အိုင်ယာလန်၊ အာမေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ရလဒ်ကောင်းခဲ့ရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီ ဖြစ်ပါတယ်။
Source: Dailymail