CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းရောင်းချသူနှင့် ဝယ်ယူသူအချို့အား နစကမှ ဖမ်းဆီးမှုများရှိသော်လည်း ထိုင်းဘက် အခြမ်းတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ ရပ်တန့်မသွားကြောင်း  ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒို လုပ်ငန်းလုပ်ကိုင်သူနှင့် လုပ်ငန်းရှင်အချို့က CNI သတင်းဌာနသို့ ပြောသည်။

ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား သက်ဆိုင်ရာထံ သတင်းပေးပို့ ခွင့်ပြုချက်မယူဘဲ ပြည်တွင်းတွင် တရားမဝင်အရောင်းပြခန်းများ ပြုလုပ်ခဲ့သည့်အပြင် တိုက်ခန်းဖိုးငွေကြေးများကိုလည်း တရားမဝင် ဟွန်ဒီ လုပ်ငန်းများမှ ပေးပို့ခဲ့သဖြင့်ရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ဝယ်ယူသူ ၃ ဦးကို ဖမ်းဆီးထားသည်။

ထိုသို့ ဖမ်းဆီးမှုအပေါ် ထိုင်းနိုင်ငံဘက်အခြမ်းရှိ ကွန်ဒို အရောင်းအဝယ်လုပ်ငန်းများမှ စိုးရိမ်မှု သိပ်မရှိကြဘဲ နေ့စဉ်ဝယ်ယူမှုများ ရှိနေကြောင်း ထိုင်းတွင် အိမ်ခြံ၊ မြေ၊ ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“လက်ရှိအချိန်အထိကို အဲဒီဂယက်က ဒီဘက်မှာ စိုးရိမ်မှုတွေ သိပ်မပြကြဘူး။ ဝယ်နေကြတာပဲ တစ်နေ့တစ်နေ့ ဝယ်နေကြတာတွေ အများကြီးပဲ။ အခုနောက်ပိုင်းတွေဆို သိရသလောက်ဆို မြန်မာနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံသူ တွေရော၊ ကျောင်းလာတက်တဲ့သူတွေရော ပြောရမယ်ဆို လူတန်းစားအလွှာလွှာတွေပေါ့ အခု ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှု အများဆုံးက ဒုတိယနေရာမှာ ချိတ်နေတယ်။ ဆိုတော့ အဲဒီဖြစ်တဲ့ ပြဿနာက ဒီဘက်မှာ အဲဒီ လောက်ကြီး ဂယက်မထဘူး။ အရောင်းပြခန်းတွေမှာလည်း တော်တော်များများ မြန်မာတွေဖြစ်လာတယ်။ ဘာကြောင့်လဲဆို ဝယ်လိုအားက တအားများလာတာကို မြန်မာတွေက ဒီဘက်မှာ။ ဘန်ကောက်တို့ ပတ္တရားတို့ ဘက်မှာဆို တော်တော်ကိုများတယ်။ တကယ့် အထင်ကရနေရာတွေပေါ့နော်။ ဟိုတစ်နေ့ကဆို အသိတွေပဲ သူတို့ဝယ်တဲ့ကွန်ဒိုက ဘတ်ကို သန်း ၄၀ ကျော်တယ် နည်းတဲ့ amount မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းပြပွဲတစ်ခု

ထို့အပြင် နစကဘက်မှ ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများတွင် ဘဏ်စာရင်းများ ဖွင့်ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများနှင့် ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟုလည်း သတိပေးထားသည်။

ဖမ်းဆီးမှုများရှိသော်လည်း မည်ကဲ့သို့ အရေးယူဆောင်ရွက်သည်ကို မချပြသောကြောင့် ဝယ်ချင်သည့်သူများမှာ နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူနေကြမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဖမ်းတယ်ဆိုတဲ့ဟာလည်း ပြန်စစ်ဆေးဖို့လိုတယ်။ ကျနော်တို့က ဖမ်းတာကိုပဲ သိရတာကို။ ဖမ်းတဲ့အခါ ဒီပုဂ္ဂိုလ် တွေကို ဘယ်လိုဥပဒေတွေနဲ့ အရေးယူတယ်။ ဘယ်လိုဥပဒေက ချမှတ်လိုက်တာ ရှိတယ်ဆိုတဲ့ဟာက တော်တော်များများက မသိရဘူးပေါ့။ ‌ငွေပို့ငွေလွှဲလုပ်တဲ့လူတွေကို ဖမ်းဆီးတာတွေ၊ ကွန်ဒိုလုပ်ငန်းတွေကို ဖမ်းဆီးတာတွေ၊ ရွှေလုပ်ငန်းတွေကို ဖမ်းဆီးတာတွေ ဒါတွေကတော့ public area မှာလည်း ကြားနေရတယ်ပေါ့။ ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုပုံစံမျိုး ဥပဒေအရ အရေးယူတာတွေ၊ ဘယ်လိုပုံစံမျိုး ဆုံးဖြတ်ချက် ချလိုက် တယ် ဆိုတဲ့ဟာတွေက Public ကို မတက်လာဘူးပေါ့ သူတို့ဖမ်းတာကိုပဲ ပြတယ်။ ဖမ်းတဲ့ဟာတွေက ရိုးရိုး တန်းတန်း ဖမ်းတာလား၊ ဈေးကွက်တစ်ခုအနေနဲ့ ဖမ်းတာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် လူတွေကတော့ နည်းလမ်းပေါင်းစုံနဲ့တော့ ဝယ်နေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကွန်ဒို အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သည့် ကိုယ်စားလှယ်၊ အကျိုးဆောင် မြန်မာနိုင်ငံသားများမှာလည်း ယခင်ကထက် ပို၍ များပြားလာကာ ကွန်ဒိုဝယ်ယူကြရာတွင် ဘတ် ၁၀ သန်း ကျော်မှ စတင်ကာ ဝယ်ယူမှုများ တွေ့ရကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒို လုပ်ငန်း လုပ်ကိုင်သူနှင့် လုပ်ငန်း ရှင်အချို့ထံမှ သိရသည်။

ထိုသို့ ဝယ်ယူကြရာတွင် မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်ရုံးခွဲများမှ ဝယ်ယူကြခြင်းထက် ထိုင်းနိုင်ငံတွင် တိုက်ရိုက် ဝယ်ယူကြခြင်းမှာ ပို၍များပြားကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းပြပွဲတစ်ခု

“မြန်မာနိုင်ငံကလူတွေကြတော့ အဲဒီ မြန်မာနိုင်ငံမှာ ဝယ်တာထက် ဒီဘက်မှာ အကျိုးဆောင်တွေ အများကြီး ရှိတာပဲတိုက်ရိုက်လေ။ ဒီက အကျိုးဆောင်ကုမ္ပဏီမှာ မြန်မာတွေလုပ်နေတာ အများကြီးရှိတာပဲ။ ဟိုဘက်က တခါတည်းလှမ်းချိတ်ပြီး ဝယ်တဲ့သူတွေကြ ဒီဘက်မှာ အချိတ်အဆက် မရှိတဲ့သူတွေလောက်ပဲ ဖြစ်မယ် ထင်တယ်။ ဒီဘက်မှာ အချိတ်အဆက်ရှိတဲ့လူတွေ၊ အသိုင်းအဝိုင်း ရှိတဲ့လူတွေကြတော့ ဒီမှာပဲ ဝယ်တာများတယ်။ ငွေလွှဲတာက အများအားဖြင့် အကျိုးဆောင်နဲ့ လုပ်တာများတယ်။ တိုက်ရိုက်ဆိုတော့ အစစ်အဆေးတွေ များလိမ့် မယ်။ ကျနော်တို့ ငွေလွှဲချင်တယ်။ ကျနော်တို့ဟိုဘက်မှာ ဘာလုပ်ရမလဲ ဘယ်နေရာမှာ ဘာသွားပေးရမလဲ။ သူတို့ သတ်မှတ်ထားတဲ့နေရာ ဘဏ်ကို သွားအပ်လိုက်ရင် ကျန်တဲ့ဟာ သူတို့လုပ်ပေးတယ်။ ကျ‌နော်တို့ ဒီကိစ္စကကြ သိပ်ခေါင်းစားပြီးလုပ်စရာမလိုတဲ့အပိုင်းပေါ့။ အလည်ဗီဇာနဲ့လာရင်တောင် ထိုင်းနိုင်ငံမှာ ဘဏ်အကောင့် ဖွင့်လို့ရတာပဲလေ” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ Real Estate Information Center (REIC) စာရင်းများအရ မြန်မာနိုင်ငံသည် ၂ဝ၂၂ ခုနှစ်ကစပြီး ထိုင်းကနေ ကွန်ဒိုဝယ်ယူမှု ထိပ်တန်းနိုင်ငံတွေစာရင်း အဆင့် ၆ နေရာတွင်ရပ်တည်ပြီး ထိုင်းဘတ်ငွေ ၂ ဒဿမ ၅၅ ဘီလီယံတန်ဖိုးရှိသည့် တိုက်ခန်း ၃၄၉ လုံး ဝယ်ယူခဲ့ကြောင်း သိရသည်။

ထို့အပြင်  ၂ဝ၂၃ ခုနှစ်တွင် အဆင့် ၃ နေရာ၌ ရပ်တည်ပြီး ထိုင်းငွေ ၃ ဒဿမ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ တိုက်ခန်း ၅၆၄ လုံး ဝယ်ယူခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ပထမသုံးလပတ်အတွင်း ရုရှားကို ကျော်လွန်ပြီး အဆင့် ၂ နေရာကို ရောက်ရှိ လာကြောင်း ဖော်ပြထားသည်။